Eleven Media Group

ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ မူဒရစ် ဆန္ဒရှိနေ

Photo: X

ချယ်လ်ဆီးအသင်းရဲ့ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ဟာ ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ အငှားနဲ့ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
မူဒရစ်က ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာပြီးနောက် ဘောလုံးကစားခွင့် ပြန်ရပြီဖြစ်ပေမဲ့ ချယ်လ်ဆီးအသင်းမှာ နေရာရဖို့ မဖြစ်နိုင်တာကြောင့် အငှားထွက်ကစားဖို့ လိုလားနေခြင်းဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက မူဒရစ်ကို ၂၀၂၃ ဇန်နဝါရီမှာ ရှက်တာဒိုးနက်အသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)နဲ့ ခေါ်ယူပြီး ၂၀၃၁ ခုနှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုထားခဲ့ပေမဲ့ တားမြစ်ဆေးပြဿနာကြောင့် အသင်းအတွက် ပွဲ(၇၀)ဝန်းကျင် ကစားအပြီးမှာပဲ ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းက မူဒရစ်ကို ပိုင်ရှင်တူကလပ် စထရာဘိုးအသင်းထံ အငှားချဖို့ စီစဉ်ခဲ့ပေမဲ့ မူဒရစ်က ပရီးမီးယားလိဂ်မှာသာ ကစားလိုတဲ့အတွက် မဖြစ်မြောက်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မူဒရစ်ကို လိဒ်စ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပြီး ပထမအကြိမ်ကမ်းလှမ်းမှုကိုတော့ ချယ်လ်ဆီးအသင်းက ငြင်းပယ်ထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group