
လူငယ်များ တိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (သြဂုတ် ၃၁ ရက်) နေပြည်တော်ရှိ Naypyitaw State Academy၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို အလေးအနက်ထားမှာကြားလိုသည်မှာ မိမိတို့နိုင်ငံ၏ ရေမြေတောတောင်သဘာဝ ပထဝီဝင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို သေသေချာချာသိရှိအောင် လေ့လာစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး မှန်ကန်သည့်လုပ်ရပ်များနှင့် နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်း အပြန်အလှန် လေးစားမှုရှိပြီး မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ် ရှုမြင်သုံးသပ်နိုင်သည့် စိတ်ထားရှိအောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် ပြောဆိုလုပ်ကိုင်မှုမှန်သမျှတွင် သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန်မှာကြားလိုကြောင်း၊ ထိုကဲ့သို့ အခြေခံသဘောတရားများကို သိရှိနားလည်ရန်၊ စဉ်းစားဆင်ခြင် သုံးသပ်နိုင်ရန်အတွက် အဓိကအနေဖြင့် အသိပညာဗဟုသုတ ပြည့်စုံရန်လိုကြောင်း၊ အသိပညာမရှိပါက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းမဲ့ပြီး လွဲမှားသည့် အယူအဆများနှင့် မိမိကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးယုတ်ပျက်စီးစေနိုင်ကြောင်း၊ ထို့ကြောင့် အသိဉာဏ်ပညာပြည့်ဝပြီး အကျင့်စာရိတ္တကောင်းမွန်ရန် စာများများဖတ်သည့် အလေ့အကျင့်ကို မွေးမြူကြရန်နှင့် သုတ၊ ရသ စာပေအမျိုးမျိုးကို လေ့လာဖတ်ရှုကြရန်၊ စိတ်ထဲတွင် စွဲမြဲအောင်မှတ်သားပြီး ဘဝအတွက် ကျင့်သုံးလိုက်နာသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ဒီဂျစ်တယ်စီးပွားရေးနှင့် AI အခြေပြုဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာသည်ကို တွေ့ရကြောင်း၊ လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့်နည်းပညာ အခြေပြုစွန့်ဦးတီထွင်မှုများ ပိုမိုဆောင်ရွက်ကြစေလိုကြောင်း၊ ခေတ်မီပညာရပ်များကို လက်လှမ်းမီရှာဖွေနိုင်ရန် လူမှုကွန်ရက်နှင့် အင်တာနက်များကို မှန်မှန်ကန်ကန်၊ အကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း၊ အကျိုးမရှိသည့် တလွဲအသုံးပြုမှုများနှင့် အမှားမလုပ်မိကြရေးကိုလည်း သတိပေးမှာကြားလိုကြောင်း၊ နိုင်ငံတိုးတက်ရေး လူတိုင်းအလုပ်လုပ်ကြရန် အရေးကြီးပြီး မိမိတို့အသက်အရွယ်အလိုက် ကျွမ်းကျင်ရာလိမ္မာရာ သင့်လျော်သည့်လုပ်ငန်းဆောင်တာများကို သမ္မာအာဇီဝရှိရှိ၊ အတ္တနှင့်ပရ မျှမျှတတ ဆောင်ရွက်ကြရန်လိုကြောင်း၊ အချိန်ကို အချည်းနှီးမဖြစ်စေရေး အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်ပြီး ပျင်းရိနေပါက အရာရာနောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ်မိမိယှဉ်ပြိုင်ပြီး တိုးတက်အောင် လုပ်ကြရန်နှင့် ရည်မှန်းချက် မြင့်မြင့်ထားပြီး စဉ်ဆက်မပြတ်အားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်အောင်နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားမှုနှင့်အတူ ဝါသနာပါရာ အားကစားတစ်မျိုးမျိုးကို လေ့လာလိုက်စားသင့်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားသူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းသည် နိုင်ငံတော်ကို အကျိုးပြုရာရောက်ပြီး ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ဘဝအတွက် အားနည်း၍မရနိုင်သည့် အခြေခံလိုအပ်ချက်များဖြစ်သည်ကို အားလုံးက သတိရှိကြရန်မှာကြားလိုကြောင်း ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ထိထိရောက်ရောက် အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယခုမိမိတို့အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒများ ချမှတ်ကာ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ တိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးရကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံက သင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်လိမ္မာရန် လိုသကဲ့သို့ ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကြရန်လည်း သင်ယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသည့် ပြည့်စုံရမည့် ဦးတည်ချက်များကို ချမှတ်သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားမြတ်နိုးပြီး အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လည်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ အဘက်ဘက်ကထူးချွန်ပြည့်စုံသည့် နိုင်ငံတော်က အားကိုးထိုက်သည့် လူတော် လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာ နေထိုင်တတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်၊ နိုင်ငံနှင့်လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန်၊ နိုင်ငံ့အနာဂတ်ကို ပညာဖြင့်ထုဆစ်ပုံဖော်နိုင်သည့် ရှေ့ဆောင်လမ်းပြကောင်းများဖြစ်စေရေး ဘဝတွင် အောင်မြင်မှုများရအောင် ကြိုးပမ်းကြရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ကျေပွန်အောင် ပူးပေါင်းပါဝင်သွားကြရန် နိုင်ငံတော်သမ္မတက ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။