
အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်မှာ တစ်ပတ်ပင်မပြည့်သေးသော ကေတီဇာချာရီယာက တရုတ်သည် အသုံးပြုရအဆင်ပြေသည့်သန့်စင်ခန်းများမရှိကြောင်း အောက်တိုဘာ ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အသက် ၄၁ နှစ်အရွယ် ဇာချာရီယာသည် အမေရိကန်ပြည်ထောင်စုတွင် ရှေ့နေလုပ်ရန် မဖြစ်မနေအောင်ထားရမည့် ရှေ့နေစာမေးပွဲကိုမည်သည့် ကျောင်းမှအောင်မြင်ခဲ့သလဲဆိုသည့် မေးခွန်းကို မရေမရာဖြေခဲ့သောကြောင့် သူ၏ဥပဒေဘွဲ့နှင့်ပတ်သက်၍ ဝေဖန်မှု ခံနေရသူဖြစ်သည်။
တရုတ်နိုင်ငံတွင် နေခဲ့ဖူးသည့် အိမ်ဖြူတော်ပြန်ကြားရေးဝန်ကြီးက အဆိုပါအင်တာဗျူးတွင် တရုတ်က မကြာမီ အမေရိကန်ကို ကျော်တက်သွားလိမ့်မည်ဟု ၂၀၁၆ ခုနှစ်တုန်းက ထင်မြင်ယူဆချက်ကို ပြန်ပြောခဲ့သည်။
"ဟီလာရီကလင်တန် အနိုင်ရတော့မယ်လို့ ပြောခဲ့ကြပါတယ်။ အမေရိကရဲ့ဂုဏ်ရောင်လွှမ်းတဲ့နေ့တွေ ကုန်သွားပြီလို့ ပြောခဲ့ကြပါတယ်။ တရုတ်ဟာအလားအလာရှိနေပြီလို့ ပြောခဲ့ကြပါတယ်"ဟု ဇာချာရီယာက တွေ့ဆုံမေးမြန်းသူ ဂျက်ပိုဆိုဘစ်ကို ပြောကြားခဲ့သည်။
"တရုတ်နိုင်ငံကနေပြန်ရောက်လာတုန်းမှာ ကျွန်မက အဲဒါကို သေသေချာချာမှတ်မိနေတာပါ။ တရုတ်က နောက်ထပ်အလားအလာရှိတဲ့ နိုင်ငံဆိုပြီး ဘယ်လိုဖြစ်လာမလဲဆိုပြီး စဉ်းစားမိတာပါ။ သူတို့မှာ အသုံးပြုရအဆင်ပြေတဲ့ သန့်စင်ခန်းတွေအောင်မရှိပါဘူး"ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ဇာချာရီယာ၏အင်တာဗျူးနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များထံမှ ချက်ချင်းပြန်ကြားခြင်းမျိုးမရှိသေးပေ။ထရန့်က တရုတ်သမ္မတရှီကျင်းပင်နှင့်သူ၏ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်းပြောကြားခဲ့သည်။
ဇာချာရီယာသည် အောက်တိုဘာ ၁၃ ရက်တွင် သူ၏ပထမဆုံး အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး သတင်းထောက်သုံးဦး မေးမြန်းသော မေးခွန်းများကိုသာ ပြန်လည်ဖြေကြားခဲ့သည်။
Ref:AFP