
နေပြည်တော်၊ အောက်တိုဘာ ၁၆
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတ၏ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြားဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး(Comprehensive Cooperative Partnership)ကို ထူထောင်ထားရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အိမ်နီးချင်းဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ နှစ်နိုင်ငံအကြားစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များ၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
#News #Myanmar