Eleven Media Group

တရားရုံးချုပ်က ထရန့်၏ ဒေါ်လာသန်း ၄၀၀ တန် အိမ်ဖြူတော်ခန်းမသစ် ဆောက်လုပ်မှုကို ဆက်လုပ်ခွင့်ပြု

အမေရိကန်တရားရုံးချုပ်က အိမ်ဖြူတော်အတွင်း ဒေါ်လာသန်း ၄၀၀ ခန့်ကုန်ကျမည့် ခန်းမသစ်ဆောက်လုပ်မှု စီမံကိန်းကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက်လုပ်ဆောင်ခွင့်ပြုလိုက်သည်။

တရားရုံးချုပ်၏ဆုံးဖြတ်ချက်သည် ဒေါ်နယ်ထရန့်အတွက် အောင်ပွဲတစ်ရပ်ဖြစ်ပြီး ၎င်း၏အုပ်ချုပ်ရေးအာဏာကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ အသုံးချနေသည့်အခြေအနေတွင် ဝါရှင်တန်မြို့တော်၏ ပုံရိပ်ကိုလည်း ၎င်း၏မူဝါဒနှင့်အညီ ပြောင်းလဲဖန်တီးနေခြင်း ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို တရားရုံးချုပ်ဥက္ကဋ္ဌ ဂျွန်ရောဘတ်စ်က သဘောမတူကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့ သည်။ မြို့တော်ဝါရှင်တန်မှ အယူခံမှုများကို ကိုင်တွယ်ရန် တာဝန်ပေးခံထားရသည့် ရောဘတ်စ်က ယခုကိစ္စ တွင် သဘောထားကွဲလွဲနေပြီး ခန်းမသစ်စီမံကိန်းသည် ကွန်ဂရက်၏အတည်ပြုချက် မရရှိထားသဖြင့် တရားမဝင်နိုင်ဟု ပြောသည်။

ထရမ့်ကမူ ဝမ်းသာကြိုဆိုခဲ့ပြီး ခန်းမဆောက်လုပ်ရေးကို နောက်ထပ်မည်သည့်သံသယ ၊ ခြိမ်းခြောက်မှုမှမရှိဘဲ ဆက်လက်ဆောင်ရွက်နိုင်ရန် တရားရုံးချုပ်က ထောက်ခံလိုက်သည့်အတွက် ကျေနပ်မိသည်ဟု လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။

အမေရိကန်အစိုးရအဆိုအရ အဆိုပါခန်းမသစ်ကြီး ဆောက်လုပ်ရေးတွင် လုပ်သားများက တစ်နေ့လျှင် နာရီ ၂၀ အထိ အလုပ်လုပ်နေကြပြီး ခန်းမအကျယ်အဝန်းက စတုရန်းပေ ၉၀,၀၀၀ ခန့် ရှိမည်ဖြစ်သည်။

အဓိကအဆောက်အအုံဖွဲ့စည်းမှုကို နိုဝင်ဘာတွင် ပြီးစီးရန် မျှော်မှန်းထားပြီး အဆောက်အအုံအပြင်ဘက် မျက်နှာစာအများစုကို ၂၀၂၇ ခုနှစ် ၊ ဧပြီတွင် ပြီးစီးနိုင်ကာ စီမံကိန်းတစ်ခုလုံးကို ၂၀၂၈ ခုနှစ် ၊ ဩဂုတ်တွင် အပြီးသတ်ရန် သတ်မှတ်ထားသည်။

အဆိုပါခန်းမသစ်သည် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်သည့် စီမံကိန်းဖြစ်ပြီး ခန်းမအဆောက်အအုံတွင် အိမ်ဖြူတော်အား တိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် ရည်ရွယ်သည့် ခေတ်မီလုံခြုံရေးနည်းပညာများ ထည့်သွင်းတည်ဆောက်မည်ဟုလည်း ထရန့်က ပြောသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group