Eleven Media Group

မော်လမြိုင်မြို့တွင် တစ်ရက်တည်းအမျိုးသား (၂) ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

မော်လမြိုင်မြို့တွင် တစ်ရက်တည်းအမျိုးသား (၂) ဦးရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ (၃၁) ရက် နံနက် (၁၁) နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ထွန်းသဲဆိပ်တွင် အမျိုးသားတစ်ဦး လှေပေါ်မှခြေချော်ကာ သံလွင်မြစ်အတွင်း ပြုတ်ကျပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေန်ပျောက်ဆုံးသူမှာ မုပွန်ရပ်ကွက်၊ သဲဆိပ်နေ အသက် (၁၉) နှစ်အရွယ် မောင်ချစ်မင်းဦး ဆိုသူဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေနစ်ပျောက်ဆုံးသွားတဲ့ ကောင်လေးကို ရေငုပ်ဆရာ ဦးပါကြီး အဖွဲ့က သံလွင်မြစ် အတွင်း ရေငုပ်ရှာဖွေပေးခဲ့လို့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

ရေနစ်သေဆုံးခဲ့သည့် မောင်ချစ်မင်းဦး၏ ရုပ်အလောင်းအား သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နောက် ရွှေတေင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ (၃) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကြာအင်းကုန်းရပ်တွင်နေထိုင်သည့် အသက် (၃၃) နှစ်အရွယ် ကိုရန်နိုင်စိုး ဆိုသူမှာလည်း နေအိမ်အနီးချောင်း အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သေးကြောင်းနှင့် ရုပ်အလောင်းအား မွန်မြတ်သောနှလုံးသားပိုင်ရှင်များ နာရေးကူညီမှုနှင့် လူမှုကူညီရေးအသင်းမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံသို့ ပို့ဆောင်ပးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်နေ့၊ မွန်းလွဲပိုင်းအချိန်ကလည်း သံဖြူဇရပ်မြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်း ရှိ ခေါပကန်ချောင်းအတွင်း ရေနစ်သေဆုံးနေသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရသေးကြောင်း နှင့် ရေနစ်သေဆုံးနေသူမှာ အသက် (၄၆) နှစ်အရွယ် ဦးသိန်းဦး (ခ) စောလူလေး ဆိုသူဖြစ်ကြောင်း မြို့ခံများ ၏ ပြောကြားချက်များအရ သိရသည်။

Photo Credit – Zin Moe / မွန်မြတ်သောနှလုံးသားပိုင်ရှင်များ

မူရင်းသတင်း — Eleven Media Group