Eleven Media Group

■ တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်

ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၌ လတ်တလောတွင် လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကွမ်းခြံကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်စန္ဒာဝင်းက ကွမ်းခြံကုန်းမြို့နယ်တွင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ပြုရေးနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းခဲ့ပြီး အဆိုပါ မေးခွန်းအား ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်မတိုင်မီအထိ လယ်ယာလုပ်ငန်းခွင်သို့ သွားရာတွင်လည်းကောင်း၊ ကလေးငယ်များအား ကျောင်းကြို/ပို့ရာတွင်လည်းကောင်း၊ ဆေးရုံဆေးခန်းသို့ သွားရာတွင်လည်းကောင်း မော်တော်ဆိုင်ကယ်ကို အဓိကယာဉ်အဖြစ် အသုံးပြုခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဒေါ်စန္ဒာဝင်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ကုန်ပစ္စည်းအသေးစားများ သယ်ယူရာတွင်လည်း အခြားယာဉ်များအား ငှားရမ်းအသုံးပြုခြင်းထက် မော်တော်ဆိုင်ကယ်ကို အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် များစွာသက်သာစေပြီး ၎င်းတို့၏ နေ့စဉ်လူမှုဘဝများအတွက် များစွာအထောက်အကူပြုကြောင်း ဒေါ်စန္ဒာဝင်းက ပြောကြားသည်။

ယခုအချိန်တွင် သာမန်အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်အချို့ စီးနင်းနေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရေးအတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်များအား တရားဝင် စီးနင်းအသုံးပြုခွင့်ပြုရေး ပြုလုပ်ရန် အစီအစဉ် ရှိ မရှိ ဒေါ်စန္ဒာဝင်းက မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်ပြင်ပမြို့နယ်တစ်ခုဖြစ်သည့် ကွမ်းခြံကုန်းမြို့နယ်၌ ယခင်က လမ်းပန်းဆက်သွယ်ရေးမကောင်းသော နေရာများတွင် ဆိုင်ကယ်ကို အဓိကအသုံးပြုခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ လက်နက်ကိုင်အဖွဲ့များက ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အများပြည်သူများအား မော်တော်ဆိုင်ကယ်အသုံးပြု၍ အကြမ်းဖက်လုပ်ရပ်များ၊ ပစ်ခတ်မှုဖြစ်စဉ်များနှင့် ဗုံးခွဲမှုဖြစ်စဉ်များ ဆောင်ရွက်ခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုများ များပြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

ထိုသို့ အကြမ်းဖက်ဆောင်ရွက်ခဲ့ကြသဖြင့် ကွမ်းခြံကုန်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ဒေသန္တရအမိန့် ထုတ်ပြန်ထားရှိရာ အဆိုပါ အမိန့်အား ပယ်ဖျက်ခြင်းမရှိဘဲ ယနေ့အချိန်ထိ ဆက်လက်ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

ဖြစ်ပေါ်နေသော အကြမ်းဖက်မှုအခြေအနေများအရ ဆိုင်ကယ်စီးနင်းခြင်းအား ယာယီပိတ်ပင်ထားခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးနင်းခွင့် ယာယီပိတ်ပင်ထားသည့် ကာလအတွင်း မြို့နယ်များ၌ မီနီအိုဝေးများဖြင့် လွယ်ကူလျင်မြန်စွာ သွားလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

“ကွမ်းခြံကုန်းမြို့နယ်ဟာ ဆိုင်ကယ်စီးနင်းခွင့်ပြုမည်ဆိုပါက တရားမဝင်တင်သွင်းထားသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်များ ထိခိုက်လာနိုင်ခြင်း၊ ယာဉ်အန္တရာယ်နှင့် ယာဉ်ကြောကျပ်တည်းမှုပြဿနာများ ပိုမိုဖြစ်ပွားလာနိုင်ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်းများကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားပြီး ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်လာနိုင်ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် တွံတေးခရိုင်အတွင်းရှိ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များတွင် မော်တော်ဆိုင်ကယ် မစီးရ ဒေသန္တရအမိန့် ထုတ်ပြန်ဆောင်ရွက်ထားသည့်အတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့အစည်းများ၏ သဘောထား ပြန်ကြားချက်များအရ လတ်တလောတွင် ဆိုင်ကယ်စီးနင်းခွင့်အား လုံခြုံရေးအရ ခွင့်ပြု၍မရသေးပါကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group