Myanmar National Post

ဗင်နီဇွဲလားက တရုတ် ၊ ရုရှား ရေနံ လုပ်ကွက်တွေကို အမေရိကန်ဝင်ပြီ



စက်တင်ဘာ - ၂

အမေရိကန်အစိုးရ နောက်ခံပေးထားတဲ့ North American Blue Energy Partners (NABEP) ရေနံကုမ္ပဏီဟာ ယခင်က တရုတ်ကုမ္ပဏီ ၅ ခုနဲ့ ရုရှားကုမ္ပဏီ ၁ ခုတို့ ထိန်းချုပ်ထားခဲ့တဲ့ ဗင်နီဇွဲလား ရေနံမြေတွေကို လွှဲပြောင်းရယူတော့မှာဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလို လွှဲပြောင်းမှုတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားတို့အကြား ကြေညာခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ ရေနံထုတ်လုပ်မှု သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဗင်နီဇွဲလားအစိုးရက NABEP ကို စာချုပ်အသစ် ၁၄ ခု ထပ်မံခွင့်ပြုပေးခဲ့တာကြောင့် ကုမ္ပဏီအနေနဲ့ စုစုပေါင်း စီမံကိန်း ၁၇ ခုအထိ ထိန်းချုပ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အဆိုပါရေနံမြေတွေကို တိုးမြှင့်ဖော်ထုတ်ကာ အမေရိကန်ပြည်ထောင်စုဆီ ရေနံစိမ်း တင်ပို့ရောင်းချဖို့ စီစဉ်ထားကြောင်း အရာရှိတွေက ပြောပါတယ်။

NABEP ကုမ္ပဏီကို ယခင်က အမေရိကန် ရေနံသူဌေး ဟာရီဆားဂျန့်  ပိုင်ဆိုင်ခဲ့ပြီး၊ လက်ရှိမှာတော့ ဗင်နီဇွဲလား စီးပွားရေးလုပ်ငန်းရှင် ဘီတန့်ကော့ က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ သီးသန့် စီးပွားရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဗင်နီဇွဲလားရဲ့ အတည်ပြုပြီးသား ရေနံသီးသန့်လက်ကျန် စည်ပေါင်း ၆၄ ဘီလီယံခန့်ကို ရယူအသုံးပြုခွင့် ရရှိခဲ့ကြောင်း ထရမ့်က ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ဗင်နီဇွဲလားရဲ့ မဟာဗျူဟာကျအရေးပါတဲ့ ရေနံကဏ္ဍမှာ အမေရိကန်ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍ ကို ပိုမိုကြီးမားလာစေမှာဖြစ်ပြီး၊ တရုတ်နဲ့ ရုရှားလုပ်ငန်းရှင်တွေရဲ့ ပါဝင်ပတ်သက်မှုကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

အသစ်ခွင့်ပြုလိုက်တဲ့ စာချုပ် ၁၄ ခုအနက် ရေနံမြေ ၅ ခုကို ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလတ်စ် မာဒူရို က တရုတ်ကုမ္ပဏီများကို ယခင်က လည်ပတ်လုပ်ကိုင်ခဲ့စေခဲ့ခြင်း ဖြစ်တယ်လို့ အမေရိကန် အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး၊ ရေနံမြေ ၁ ခုကိုမူ ရုရှားကုမ္ပဏီတစ်ခုက လည်ပတ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

China Concord Resources ကုမ္ပဏီသည် စီမံကိန်း ၂ ခုကို လည်ပတ်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီသည် အီရန်နှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ဝါရှင်တန်၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။ အရာရှိများ၏ ပြောကြားချက်အရ Sinopec ကုမ္ပဏီက အခြားစီမံကိန်းတစ်ခုကို လည်ပတ်ခဲ့ပြီး China National Petroleum Corporation ကမူ သီးခြားရေနံမြေတစ်ခုကို ထိန်းချုပ်ထားခဲ့ပါတယ်။ 

အမေရိကန် အရာရှိတစ်ဦးက ပြောကြားရာတွင် ယခုအစီအစဉ်သည် ယခင်က တရုတ်နိုင်ငံဆီ တင်ပို့ခဲ့သည့် ဗင်နီဇွဲလား ရေနံစိမ်းများကို အမေရိကန် ဈေးကွက်သို့ လမ်းကြောင်းပြောင်းပေးမည်ဖြစ်ကာ အမေရိကန်အစိုးရနှင့် အမေရိကန် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးမည် ဖြစ်ကြောင်း သိရပါတယ်။ 

"ဒီရေနံတွေအတွက် ဈေးကွက်အဖြစ် အမေရိကန်ပြည်ထောင်စုကို ကျနော်တို့ ဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်" လို့လည်း ပြောပါတယ်။   အခြားစီမံကိန်း ၂ ခုကိုမူ အမေရိကန်တွင် အဖမ်းခံထားရတဲ့ မာဒူရိုရဲ့ လူယုံဟောင်း အဲလက်စ် ဆားဘ် နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီများဖြစ်ပါတယ်။ အခြားရေနံမြေတစ်ခုက မာဒူရိုရဲ့ ဇနီး စိလီယာ ဖလိုရက်စ် ရဲ့  တူဖြစ်သူ ပိုင်တာပဲ ဖြစ်ပါတယ်။  အဆိုပါ ရေနံမြေများ၏ ပိုင်ဆိုင်မှုနှင့် လည်ပတ်မှုဆိုင်ရာ ပြောဆိုချက်များသည် အမေရိကန် အရာရှိနှစ်ဦး၏ ပြောကြားချက်များကို အခြေခံထားခြင်း ဖြစ်ပါတယ်။ 


REF: The Nation

#News #Myanmar

မူရင်းသတင်း — Myanmar National Post