
ပဲခူးမြို့တွင် ပဲခူးမြစ်ရေ မြင့်တက်လာမှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုတို့ကြောင့် စက်တင်ဘာ ၂ ရက် (ယနေ့) တွင် ပဲခူးမြို့ပေါ်ရှိ လမ်းများနှင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေမှာ ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၁၁ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၃၁ စင်တီမီတာ (၉ လက်မခန့်) ကျော်လွန်နေကြောင်း သိရသည်။
ထို့အပြင် ပဲခူးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပဲခူးမြို့၏ အနိမ့်ပိုင်းနေရာများ၌ ရေဝင်ရောက်လျက်ရှိနေပြီး စက်တင်ဘာ ၂ ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များ၊ လမ်းမကြီးအချို့နှင့် အနိမ့်ပိုင်းနေရာအများအပြားတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကလျာဏီရပ်ကွက် နယ်မြေ (၄)၊ (၆)၊ (၁၆)၊ မြို့သစ်ရပ်ကွက်၊ မဇင်းနှင့် သရက်တောအောက်ချိုင့်ပိုင်းများ၊ ဇိုင်းတောင်၊ မဟာမြိုင်နှင့် အောင်ဆေးရုံဘက်ခြမ်းရှိ ရပ်ကွက်အတွင်းပိုင်းများတွင်လည်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့ပေါ်ရှိ လမ်းများဖြစ်သည့် မင်္ဂလာလမ်းမ၊ ကလျာဏီလမ်းသွယ် အများအပြား၊ ကွက်သစ်လမ်းများ၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းပိုင်းများတွင်လည်း ရေများဝင်ရောက်လျက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် လမ်းပေါ်ရေမှာ ခါးလယ်လောက်အထိ ရောက်ရှိနေသည့် နေရာများရှိကြောင်း သိရသည်။
ထို့အပြင် ပဲခူးမြို့ အထက (၃) ကျောင်းဝန်းကျင်တွင်လည်း ရေများဝင်ရောက်လျက်ရှိသဖြင့် အဆိုပါကျောင်းအား ယာယီကျောင်းပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
“ပဲခူးမှာ ရေက တော်တော်မြန်မြန်တက်နေတယ်ဗျ။ အခုဆို တစ်နာရီကို တစ်လက်မလောက်နှုန်းနဲ့ တက်နေတယ်လို့ သိရတယ်။ မိုးရေကြောင့် တက်လာတာလည်း ဖြစ်နိုင်သလို မိုးမဆက်ရင် ပြန်ကျသွားနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ရေက အတက်ဘက်ပဲ ရှိသေးတယ်၊ အကျဘက်ကို မရောက်သေးဘူးဗျ။ မဇင်းနဲ့ သရက်တောအောက်ချိုင့်ပိုင်းတွေကတော့ ရေဝင်နေပြီလို့ ကြားတယ်။ တစ်ချို့ ရပ်ကွက်တွေအတွင်းမှာတော့ လမ်းပေါ်ရေက ခါးလောက်အထိ ရောက်နေပြီလို့ သိရတယ်။ အထက (၃) ကျောင်းဘက်လည်း ခေတ်အဆက်ဆက် ရေဝင်နေကျပါပဲဗျာ။ ကိုယ်တွေငယ်ငယ်တုန်းကလည်း ရေဝင်ပြီဆို ကျောင်းပိတ်တတ်လို့ အဲ့တုန်းကတော့ ပျော်တာပေါ့။ အခုတော့ ရေတက်လာတာနဲ့အမျှ အိမ်တွေနဲ့ လမ်းတွေရဲ့ အခြေအနေကို စောင့်ကြည့်ရမယ့်အနေအထား ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပဲခူးမြို့ပေါ် ရေဝင်ရောက်မှုအခြေအနေကို ပြောကြားသည်။
လက်ရှိတွင် ပဲခူးမြစ်ရေမှာ ဆက်လက်မြင့်တက်နေပြီး မိုးရွာသွန်းမှုအခြေအနေများကြောင့် ရေအတက်ဘက်တွင်သာ ရှိနေသေးကြောင်း၊ လပြည့်ကျော်ကာလဖြစ်သဖြင့် ပုံမှန်အားဖြင့် ရေဆင်းရက်ဘက်သို့ ရောက်ရှိနေသည့်အချိန်ဖြစ်သော်လည်း မိုးရွာသွန်းမှုများပြားနေခြင်းကြောင့် မြစ်ရေမြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
ဆက်လက်ပြီး ပဲခူးမြစ်ရေမှာ နောက် ၁ ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခြေအနေများကြောင့် ပဲခူးမြစ်အနီးနှင့် ရေဝင်ရောက်နိုင်သည့် နေရာများမှ ပြည်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုနှင့် မိုးရွာသွန်းမှုအခြေအနေများကို အထူးသတိပြုစောင့်ကြည့်ရန် လိုအပ်လျက်ရှိပြီး ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်လာပါက ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း ပဲခူးမြို့တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။
ထို့အပြင် ပဲခူးအရှေ့ခြမ်းရှိ ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင်လည်း သက်ဆိုင်ရာမြစ်များ၏ စိုးရိမ်ရေမှတ်အသီးသီးကို ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။