Eleven Media Group

တိရိစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ ကျားငယ်လေးကောင် မွေးဖွား

မန္တလေးတောင်ခြေရှိ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ကျားထီး ဂျက်ဆင်နှင့် ကျားမဝိုင်းချစ်တို့မှ ကျားငယ်လေးကောင်ကို သြဂုတ် ၃၁ ရက်ညနှင့် စက်တင်ဘာလ ၁ ရက်နံနက်ပိုင်းတွင် အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အဆိုပါ ကျားငယ်ကလေး (၄)ကောင်ကို ဩဂုတ် ၃၁ ရက် ည ၁၀ နာရီ ၆ မိနစ်၊ ည ၁၀ နာရီ ၅၃ မိနစ်၊ စက်တင်ဘာ ၁ရက် နံနက် ၄ နာရီ ၉ မိနစ်နှင့် နံနက် ၅နာရီ အချိန်တို့တွင် အသီးသီးမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိရစ္ဆာန်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည်မှာ နေ့စဉ်အစာကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းသာမကဘဲ အနာဂတ်မျိုးဆက်များအတွက် စနစ်တကျ စီမံကိန်းချမှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းများလည်း ပါဝင်ကြောင်း၊ Htoo Zoos & Gardens Business Unit သည် နိုင်ငံခြားပညာရှင်များအား ဖိတ်ကြား၍ သင်ကြားပို့ချခဲ့သည့် Workshop နှင့် Training များမှ ရရှိသော အသိပညာ၊ နည်းပညာများ နှင့် SEAZA Guidelines များကို တိရစ္ဆာန်ဥယျာဉ်အသီးသီးတွင် လက်တွေ့အသုံးချဆောင်ရွက်လျှက်ရှိပြီး ထိုသို့တိရစ္ဆာန်ဥယျာဉ်များတွင် Animal Collection Plan ကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် ရလာဒ်အရ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ကျားထီး ဂျက်ဆင်နှင့် ကျားမ ဝိုင်းချစ်တို့မှ ကျန်းမာသန်စွမ်းသော ကျားငယ်လေး (၄)ကောင်ကို အောင်မြင်စွာ မွေးဖွားလာခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ကျားထီး ဂျက်ဆင်နှင့်ကျားမ ဝိုင်းချစ်တို့မှာ Bengal ကျားမျိုးစိပ်နွယ်ဝင်ဖြစ်ပြီး အဆိုပါ မျိုးစိပ်မှာ မျိုးသုဉ်ရန်အန္တရာယ်ရှိ တိရိစ္ဆာန်အဖြစ် သတ်မှတ်ခံထားရကြောင်း သိရှိရသည် ။

photo : တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

မူရင်းသတင်း — Eleven Media Group