Myanmar National Post

မင်္ဂလာဆောင်တစ်ခုကို အမေရိကန်ဘက်က တိုက်ခိုက်မိလို့ အီရန်က အမေရိကန်စစ်စခန်းတွေကို ပြန်တိုက်ခိုက်



စက်တင်ဘာ - ၂ ( ဗုဒ္ဓဟူးနေ့ ) 

တောင်ပိုင်း အီရန်နိုင်ငံမှာရှိတဲ့ မင်္ဂလာဆောင် ကျင်းပနေတဲ့ နေအိမ်တစ်လုံးကို အမေရိကန်ရဲ့ တိုက်ခိုက်မှု ထိမှန်ခဲ့ပြီး ကလေးတစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူ တော်တော်များများ ရှိခဲ့ပြီးတဲ့နောက်၊ အီရန်ဟာ ဂျော်ဒန်နဲ့ ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အသစ်တစ်ဖန် ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။

ပင်လယ်ကွေ့ ဒေသတွင်းမှာ အီရန်က ကုန်သွယ်ရေး သင်္ဘောတွေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဒီစစ်ဆင်ရေးကို စတင်ခဲ့တာလို့ ပြောကြားပြီး အမေရိကန် စစ်တပ်ဟာ ဟော်မုဇ် ရေလက်ကြား အနီးက အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ပစ်မှတ်တွေကို အင်္ဂါနေ့မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။  

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီတိုက်ခိုက်မှုတွေကို "ကြီးမားပြီး ပြင်းထန်တယ်" လို့ ပြောဆိုခဲ့ပြီး တကယ်လို့ အီရန်ဘက်က ပြန်လည် လက်စားချေရင် ဒီထက်မက ပိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ တွေ့ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အီရန် အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အမေရိကန်ရဲ့ တိုက်ခိုက်မှုတစ်ခုက ထွက်လာတဲ့ ဗုံးစတွေဟာ ဟိုမိုဇဂန်ပြည်နယ်၊ ကူဟက်စတက် မြို့မှာရှိတဲ့ မင်္ဂလာဆောင် ကျင်းပနေတဲ့ နေအိမ်တစ်လုံးကို ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကလေးတစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက်ကတော့ ၆၈ ဦးအထိ မြင့်တက်လာတယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါကို IRGC က "ပြစ်ဒဏ်ပေးတုံ့ပြန်မှု" လို့ ခေါ်ဆိုပြီး စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ကာ ဂျော်ဒန်တောင်ပိုင်း၊ အာကာဘာမြို့အနီးမှာရှိတဲ့ အမေရိကန် စစ်စခန်းဖြစ်တဲ့ ကမ့်ပ်တစ်တင် ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီး စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ဟယ်လီကော်ပတာတွေ ပျက်စီးခဲ့တယ်လို့ IRGC က စွပ်စွဲပြောဆိုထားပေမဲ့ ဝါရှင်တန်ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို အတည်မပြုသေးပါဘူး။

အီရန် ပုံမှန်စစ်တပ်ကလည်း သီးခြားကြေညာချက်ထုတ်ပြန်ရာမှာ ဘာရိန်းနိုင်ငံရှိ ရှိတ်ခ် အီဆာ လေတပ်စခန်းမှာ ရှိတဲ့ အမေရိကန် စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရေဒါတပ်ဆင်မှုတွေနဲ့ အမေရိကန်တပ်တွေ အသုံးပြုနေ တဲ့ ဧရိယာတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

ဂျော်ဒန်နိုင်ငံကတော့ အခုနောက်ဆုံး တိုက်ခိုက်မှုတွေအတွင်း သူတို့ရဲ့ လေပိုင်နက်ထဲကို ပဲ့ထိန်းဒုံးကျည် ၁၃ စင်း ဝင်ရောက်လာခဲ့ပြီး ၁၀ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကာ ၃ စင်းကတော့ လူနေထူထပ်တဲ့ ဧရိယာတွေနဲ့ ဝေးရာကို ကျရောက်ခဲ့တယ်လို့ ပြောဆိုပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post