
နေပြည်တော်၊ ဩဂုတ် ၂၅
၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲကို မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာလှပမှုများ၊ တိုင်းရင်းသားများ၏စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရပါမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မအရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD)ကို တစ်ပါတည်းပူးတွဲပေးပို့ရပါမည်။ ဒီဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသောဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့်ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။ ကိုယ်တိုင်ရိုက်ကူးထားသောပုံဖြစ်ကြောင်း ကတိပြုချက်ပါရှိရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်းလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၉- ၄၂၀၇၀၄၂၉၇ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအားပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။
#News #Myanmar