




ကတ္တမန္ဒူး၊ စက်တင်ဘာ ၃
နီပေါနိုင်ငံမြောက်ပိုင်း၊ Rasuwa ခရိုင်နှင့် အနီးတဝိုက်၌ ၂၆-၈-၂၀၂၆ ရက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့်အတွက် မြန်မာအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂-၉-၂၀၂၆ ရက်နေ့တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် ကတ္တမန္ဒူးမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
ထို့နောက် ၁၇၄၅ နာရီတွင် ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ရာ နီပေါနိုင်ငံ၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး Honourable Mr. Mahabir Pun၊ လွှတ်တော်အမတ် Mr. Dharmaraj K.C. နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထိုသို့ပေးအပ်ရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် သဘာဝဘေးသင့်ပြည်သူများ ပုံမှန်ဘဝသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့အတူ Honourable Mr. Mahabir Pun က မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ထောက်ပံ့မှုများကို သဘာဝဘေးသင့်ပြည်သူများအတွက် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများကို ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ် ခံစားခဲ့သည့် နေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar