
စက်တင်ဘာ - ၃ ( ကြာသပတေးနေ့ )
ဉာဏ်ရည်တု (AI) နည်းပညာဟာ အစိုးရတွေ ထိန်းချုပ်ကွပ်ကဲနိုင်တာထက် ပိုမြန်မြန် တိုးတက်နေပြီး ကမ္ဘာ့မညီမျှမှုကိုလည်း ပိုကျယ်ပြန့်လာစေနိုင်တာမို့ ဒီနည်းပညာတိုးတက်မှုကို ထိန်းသိမ်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ် လိုအပ်တယ်လို့ အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) က ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
၁၁ ကြိမ်မြောက် EEF ဖိုရမ်ကို စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ မြို့မှာ ကျင်းပနေတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၊ ရုရှားအရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးနေကြတာပါ။
ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ 'အနာဂတ် AI အုပ်ချုပ်ကွပ်ကဲမှု' ဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေက ဒီနည်းပညာကို ဘယ်လိုမျိုး ဘေးကင်းပြီး ယုံကြည်စိတ်ချရအောင် လုပ်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
"AI ရဲ့ စွမ်းဆောင်ရည်တွေဟာ အစိုးရတွေ နားလည်၊ သုံးသပ်ပြီး ထိန်းချုပ်နိုင်တာထက် အများကြီး ပိုမြန်၊ ပိုပြီးတော့လည်း ပိုအားကောင်းလာနေပါတယ်" လို့ ရုရှားသမ္မတရဲ့ ကျွမ်းကျင်သူများညွှန်ကြားမှုဦးစီးဌာန ဒုတိယအကြီးအကဲ စဗက်တလာနာ လူကာရှ် က ပြောခဲ့ပါတယ်။
လူကာရှ် က AI နည်းပညာကို လူသားတွေရဲ့ တန်ဖိုးထားမှု၊ မူဝါဒတွေ၊ ဗဟုသုတတွေနဲ့ ဘယ်လို ပေါင်းစပ် ညှိနှိုင်းမလဲဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သဘောတူညီမှု ရယူရမယ်လို့ ဆိုပါတယ်။ BRICS အဖွဲ့ အနေနဲ့ ဘုံချဉ်းကပ်မှုတစ်ခုကို ဖော်ဆောင်နိုင်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး လိုအပ်တယ်လို့ လည်း သူက ဆိုပါတယ်။ "AI ဆိုတာ နယ်နိမိတ် မရှိပါဘူး။ ဇီဝနိုင်ငံရေး အငြင်းပွားမှုတွေသာ အဟန့်အတား မဖြစ်ခဲ့ဘူးဆိုရင်နဲ့ ကမ္ဘာတစ်ခုလုံးသာ သဘောတူညီမှု ရယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ အများကြီး ပိုပြီး ထိရောက်မှာပါ" လို့ သူက ပြောခဲ့ပါတယ်။
ဖိလစ်ပိုင် ပညာရှင်တစ်ဦးကလည်း "ဒီနည်းပညာရဲ့ အနာဂတ်ကို ဘယ်သူက ပုံဖော်မလဲ၊ ဘယ်သူတွေက အကျိုးအမြတ် ရရှိမလဲ၊ တစုံတခု မှားယွင်းသွားခဲ့ရင်ရော ဘယ်သူက တာဝန်ယူမလဲ" ဆိုတာတွေကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။ တက်ရောက်လာသူတွေဟာ AI ရဲ့ အကျိုးကျေးဇူးတွေကို ဘယ်သူတွေ ရယူသုံးစွဲခွင့် ရရှိမလဲဆိုတာကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ တယ်လီကွန်မြူနီကေးရှင်း သမဂ္ဂ (ITU) ရဲ့ ညွှန်ကြားရေးမှူး နာတယ်ယာမိုချူ က အရေးယူဆောင်ရွက်တာမျိုး မရှိရင် နိုင်ငံတွေကြား နည်းပညာ ကွာဟချက်ဟာ ကျော်လွှားနိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ITU ရဲ့ ၂၀၂၅ ခုနှစ် ခန့်မှန်းချက်တွေအရ လူဦးရေ ၆ ဘီလီယံဟာ အင်တာနက် အသုံးပြုနေကြပြီဖြစ်ပေမဲ့ ၂.၂ ဘီလီယံကတော့ အင်တာနက် သုံးစွဲခွင့် မရသေးပါဘူးလို့ သိရပါတယ်။
REF: RT
#News #Myanmar