
ခြောက်လာကြာစစ်ပွဲတွင် လောလောလတ်လတ် ပြန်လည်ဖြစ်ပွားသောတိုက်ခိုက်မှုများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသည့်တိုင် စက်တင်ဘာ ၃ ရက်တွင် အီရန်က ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည်။
ထရန့်က ၎င်း၏စစ်တပ်သည်အီရန်ကို မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။ အီရန်နိုင်ငံတစ်ဝန်းရှိ နေရာများကို အမေရိကန်၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အီရန်နိုင်ငံသား ၁၉ ဦးသေဆုံးခဲ့သည်။
အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ အီရန်က ကူဝိတ်၊ ဂျော်ဒန်၊ ယူအေအီး၊ ဘာရိန်း၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသတို့ရှိ အမေရိကန်စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အီရန်က ရေနံအဓိက သယ်ဆောင်ရာလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက် ကြားကိုဆက်လက်ထိန်းချုပ်ထားပြီး အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်ထားသောကြောင့် ယခုတိုက်ခိုက်မှုများက စစ်ပွဲတွင် ထွက်ပေါက်မရှိသောအခြေအနေကို နက်ရှိုင်းစေခဲ့သည်။
လုံခြုံရေးအကြီးအကဲ မိုဆန်ရီဇာအေ့က အမေရိကန်ပြည်ထောင်စုကို သတိပေးခဲ့ရာ၌ အီရန်သည် စစ်ပွဲတွင် မဟာဗျူဟာသစ်ကို အသုံးပြုခဲ့သည်ဟုဆိုခဲ့ပြီး ထိုမဟာဗျူဟာသစ်က“သင်၏အခြေခံအုတ်မြစ်များကို အ စိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်”ဟု ဆိုခဲ့သည်။
ကူဝိတ်စစ်တပ်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားရာ၌ အီရန်၏ဒုံးကျည်နှင့် ဒရုန်းများကို ကြားဖြတ်ပစ်ချခဲ့သည်ဟု ဆိုသည်။ ကူဝိတ်ကို တိုက်ခိုက်ခဲ့သည်ဟု အီရန်ကအစိုးရပိုင်ရုပ်သံမှ အတည်ပြုခဲ့သည်။ အီရန်ပြည်သူများကိုအမေရိကကျူးလွန်သော ရာဇဝတ်မှုများအား တုံ့ပြန်သည့်အနေဖြင့် ကူဝိတ်ရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထားခဲ့သည်ဟု အီရန်က အတည်ပြုခဲ့သည်။
သြဂုတ် ၃၀ ရက်တွင် အမေရိကန်က ဟော်မုဇ်ရေလက်ကြားရှိ အီရန်ရော့ကတ်လောင်ချာများကို တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်မှုများသည် ဇူလိုင်လနှောင်းပိုင်းကတည်းက အီရန်ကို အမေရိကန်၏ပထမဆုံး တိုက်ခိုက်မှုများဖြစ်သည်။
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနပြောရေးဆိုခွင့်ရှိသူက “ဒီနေ့ စောစောပိုင်းမှာပဲ အမေရိကန်တပ်ဖွဲ့တွေဟာလာရက်ကျွန်းပေါ်မှာရှိတဲ့ အီရန်လောင်ချာနှစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
အီရန်၏တော်လှန်ရေးအစောင့်တပ်ဖွဲ့များက ပင်လယ်မိုင်းများနှင့်အတူ ရော့ကတ်များဖြင့် ဟော်မုဇ်ရေလက်ကြားကို ပစ်လွှတ်ရန် ပြင်ဆင်နေသည်ကို သတိပြုမိခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်-အီရန် စစ်ပွဲ ခြောက်လပြည့်ခဲ့ပြီး တိုက်ပွဲများ လျော့နည်းလာချိန်တွင် အမေရိကန်၏တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထရန့်အစိုးရကလွန်ခဲ့သောလများတွင်အီရန်ကို စစ်ရေးတိုက်ခိုက်မှုများထက် စီးပွားရေးစစ်ပွဲကို ဦးစားပေးခဲ့သည်။
Ref: AFP