Eleven Media Group

■မြစ်သာမြစ်ရေသည် ကလေးမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်သို့ ရောက်ရှိလျှက်ရှိပြီး ၂၄ နာရီအတွင်း ၁ ပေကျော် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇ/လ ထုတ်ပြန်

မြစ်သာမြစ်ရေသည် ကလေးမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်သို့ ရောက်ရှိလျှက်ရှိပြီး ၂၄ နာရီအတွင်း ၁ ပေကျော်ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချင်းတောင်တန်းများ ပေါ်မှစတင်ကာ မြစ်ဖျားခံစီးဆင်းသော မြစ်သာမြစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဖြတ်သန်း၍ ကလေးဝမြို့အနီးတွင် ချင်းတွင်းမြစ်အတွင်းသို့ ပေါင်းဆုံစီးဝင်ကြောင်း သိရှိရသည်။

အဆိုပါ မြစ်သာမြစ်ရေမှာ ကလေးမြို့၏ စိုးရိမ်ရေအမှတ် ၁၁၀၀ စင်တီမီတာအထက်သို့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကျော်လွန်ရောက်ရှိလာခဲ့ပြီး မွန်လွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ လက်ရှိ ရေအမှတ်မှာ ၁၁၆၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

ယင်းသို့ မြစ်သာမြစ်ရေမှာ ကလေးမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်သို့ ရောက်ရှိခြင်းနှင့် မိုးသည်းထန် စွာရွာသွန်းခြင်းများကြောင့် ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာတွင် နေရ ဉ္ဇရာမြစ် ရေလျှံမှုဖြစ်ပွားပြီး ဖောင်ကူးကျေးရွာအတွင်းသို့ ရေဝင်ရောက်နေကြောင်း သိရှိရသည်။

ယင်းသို့ ရေဝင်ရောက်သည့်ကျေးရွာများတွင် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်မှုများ ပြုလုပ်လျှက်ရှိပြီး ကလေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေရေးယာဉ်(၁)စီး၊ အသက်ကယ်လှေ(၂)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရွှေ့ပြောင်းကူညီမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

■Photo- စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး

မူရင်းသတင်း — Eleven Media Group