
တောင်ငူမြို့တွင် ကျပ် ၁ ဒသမ ၄၃၆၉ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်အနီးတွင် ပန်းအောင်(ခ)အောင်ပေ နှင့် မနော်ဌေးဌေးစိုး တို့အား TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တို့နှင့်အတူ ဘိန်းဖြူ အလေးချိန် ၆.၃၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂,၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလျံ)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ပန်းအောင်(ခ)အောင်ပေ(၃၉)နှစ် နှင့် မနော်ဌေးဌေးစိုး (၂၀)နှစ်တို့အား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။