
တရုတ်နိုင်ငံသည် လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံးနိုင်ငံတစ်ခု ဖြစ်သည့်အလျောက် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များစွာအပေါ် ၎င်း၏ကိုင်တွယ်ဖြေရှင်းခြင်းနှင့် မူဝါဒလုပ်ဆောင်ချက်များသည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် လွန်စွာအရေးကြီးကာ အကျိုးသက်ရောက်မှုကြီးမားသည့် တိုင်းပြည်တစ်ခုဖြစ်သည်။
တရုတ်သမ္မတရှီကျင့်ဖျင်က ပြီးခဲ့သည့်နှစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကုန်တွင်ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ အစည်းအဝေးကြီးတွင် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစီအမံ Global Governance Initiative (GGI) ကို အဆိုပြုခဲ့သည်။ GGI ကို အဆိုပြုပြီး အချိန်တိုအတွင်းမှာပင် နိုင်ငံတကာအဖွဲ့အစည်းနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တို့ကထောက်ခံခဲ့ကြပြီး ယခုဆိုလျှင် နိုင်ငံပေါင်း ၆၀ ကျော်က Group of Friends of Global Governance ၏ အဖွဲ့ဝင်ဖြစ်ကာ မြန်မာနိုင်ငံသည်လည်း အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါရှိပါသည်။ GGI ၏ အခြေခံမူဝါဒငါးချက်မှာ (၁) အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိခြင်း၊ (၂) နိုင်ငံတကာတရားဥပဒေစိုးမိုးမှုရှိခြင်း၊ (၃) နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အမှန်တကယ်ဆောင်ရွက်ခြင်း၊ (၄) ပြည်သူဗဟိုပြုနည်းလမ်းများဆောင်ရွက်ခြင်းနှင့် (၅) ဆောင်ရွက်ချက်များဖြင့် ရလဒ်များရရှိခြင်း တို့ဖြစ်ကြသည်။
GGI ကိုအဆိုပြုခဲ့ပြီး တစ်နှစ်တာကာလအတွင်း ကမ္ဘာကြီးသည်လည်း စစ်ပွဲနှင့် သဘာဝဘေးအန္တရာယ်တို့ အပါအဝင် အကြောင်းတရားများစွာတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ GGI၏ ရည်ရွယ်ချက်ကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှုထောင့်မှကြည့်လျှင် ကုလသမဂ္ဂကိုဗဟိုပြုသည့် နိုင်ငံတကာတရားဥပဒေစိုးမိုးမှု တည်ရှိစေရေး၊ နိုင်ငံများအကြား အချုပ်အခြာအာဏာပိုင်စိုးမှု တန်းတူညီမျှမှုရှိစေရေး၊ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ပါဝင်ခွင့်၊ အရေးဆိုခွင့်၊ တန်းတူညီမျှရရှိရေးတို့ကို တစ်စိုက်မတ်မတ်တောင်းဆို ရပ်တည်နေခြင်းဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် အင်အားကြီးသောတိုင်းပြည်များက အင်အားအလယ်အလတ်နှင့် အင်အားနည်းသောတိုင်းပြည်များအပေါ် ဗိုလ်ကျစိုးမိုးခြင်းမရှိစေရန်၊ နိုင်ရာစားတောရိုင်းဥပဒေ မဖြစ်ပေါ်လာစေရန်၊ ခေတ်သစ်ကိုလိုနီဝါဒများ၊ ခေတ်သစ်နယ်ချဲ့စစ်ဝါဒများ တစ်ဖန်ပြန်လည်၍ မပေါ်ထွန်းစေရန်အတွက် ကုလသမဂ္ဂသည် ပြီးပြည့်စုံသည့်အဖွဲ့အစည်းတစ်ခု မဟုတ်သော်လည်း ကုလသမဂ္ဂ၏အခန်းကဏ္ဍကို ဗဟိုပြု၍ တိုင်းပြည်များအကြား တန်းတူညီမျှခွင့်နှင့် တရားမျှတမှုကို ထောက်ခံရပ်တည်ထားခြင်းဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံက မပြောင်းလဲသော မူဝါဒအဖြစ် တစ်စိုက်မတ်မတ်ရပ်တည်လာခဲ့သည့် ရပ်တည်ချက်လည်း ဖြစ်သည်။
■ ကုလသမဂ္ဂကိုဗဟိုပြု၍ စစ်ပွဲများအစား စကားပြောဆွေးနွေးခြင်း
စစ်ပွဲများဆိုသည်မှာ တန်းတူညီမျှရေးအတွက် အာမခံချက်မပေးထားနိုင်ဘဲ အရပ်သားပြည်သူများ၏ လုံခြုံရေးကိုလည်း ကာကွယ်မှုမပေးနိုင်သည့် လက်နက်သုံးဖြေရှင်းခြင်းနည်းလမ်းဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် မည်သည့်လက်နက်သုံးဖြေရှင်းခြင်း၊ အင်အားသုံးဖြေရှင်းခြင်းကိုမဆို လက်မခံဘဲ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အမြဲထောက်ပြရပ်တည်လေ့ရှိသည်။
၁၉၅၄ ခုနှစ်က တရုတ်နိုင်ငံကအဆိုပြုကာ အိန္ဒိယနှင့် မြန်မာနိုင်ငံအပါအဝင် လွတ်လပ်ရေးရပြီးသော ကမ္ဘာတောင်ခြမ်းနိုင်ငံများက အတူတကွလက်မှတ်ရေးထိုးခဲ့ကြသည့် ငြိမ်းချမ်းစွာနေထိုင်ရေးမူကြီးငါးရပ်သည် ဒုတိယကမ္ဘာစစ်အပြီး ခေတ်သစ်ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေး၏ ပဋိဉာဉ်များနှင့် ကုလသမဂ္ဂ၏ အခြေခံမူများဖြစ်လာသကဲ့သို့ပင် GGI သည်လည်း ယနေ့ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအဓွန့်ရှည်တည်တံ့ရေးအတွက် လက်တွေ့အသုံးချသင့်သည့် မူဝါဒများဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း၈၀ ကြာသည့်တိုင်အောင် ကုလသမဂ္ဂ၏အခန်းကဏ္ဍက နိုင်ငံများအကြား ဟန်ချက်ညီမှုကို ထိန်းညှိပေးခဲ့သည်။ “ကုလသမဂ္ဂသည် တိုင်းပြည်များအကြား တန်းတူညီမျှမှုရှိစွာ ဆွေးနွေးနိုင်သည့်တစ်ခုတည်းသောနေရာ ဖြစ်သည်” ဟု စင်ကာပူသံတမန်ဟောင်း ကီရှောမန်ဘူဘာနီကလည်း ပြောထားဖူးသည်။ သို့သော် မကြာသေးခင်နှစ်များအတွင်းကစ၍ ကုလသမဂ္ဂ၏အခန်းကဏ္ဍကို ခြိမ်းခြောက်လာသည့်ဖြစ်စဉ်များစွာ ရှိခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏အခန်းကဏ္ဍကို မထေမဲ့မြင်ပြုလာသည့် ဖြစ်စဉ်များစွာရှိလာခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင်က ဂျော်ဒန်ဘုရင်နှင့် ဘေကျင်း၌တွေ့ဆုံစဉ် အရှေ့အလယ်ပိုင်းဒေသ၏ အဓိကျကတော့ ပါလက်စတိုင်းပြဿနာအတွက် ရပ်တည်ဖြေရှင်းရန် အဆိုပြုချက်မူဝါဒလေးခုကို ထပ်မံတင်ပြခဲ့ပြီး အဆိုပါမူဝါဒအဆိုပြုချက်များသည်လည်း ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစီအမံ GGI ကို အားဖြည့်ထင်ဟပ်နေကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါမူဝါဒလေးချက်မှာ (၁) နိုင်ငံရေးအရ ငြိမ်းချမ်းစွာနှစ်နိုင်ငံအကြား တန်းတူညီမျှစွာ စကားပြောဆွေးနွေးရန်၊ (၂) ဂါဇာကမ်းမြောင်ဒေသ၏ စစ်အပြီးပြန်လည်တည်ဆောက်ရေးများသည် “ပါလက်စတိုင်းပြည်သူများကသာ ပါလက်စတိုင်းကို စီမံအုပ်ချုပ်ခွင့်” ဆိုသည့် မူဝါဒအပေါ် ရပ်တည်ရေး၊ (၃) နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာခြင်းမူဝါဒကို စွဲကိုင်ကာ အရပ်သားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်နှင့် လူသားချင်းစာနာမှုအပေါ်ကျရောက်သည့် ကပ်ဘေးများအဆုံးသတ်ရန်အတွက် လက်တွဲ၍ရပ်တည်ကြရန်၊ (၄) နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာပြီး တရားမျှတစွာဖြင့် လက်တွေ့ဖော်ဆောင်ကြရန်တို့ ဖြစ်သည်။
■ ဖွံ့ဖြိုးတိုးတက်မှု၊ လူသားချင်းစာနာမှုနှင့် လူသားဆန်ခြင်းများ အပြန်အလှန် ချိတ်ဆက်နေသော GGI
“တရုတ်နိုင်ငံကအဆိုပြုထားသည့် အဆိုပြုချက်လေးခု (ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံ - GDI ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ - GSI ၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ - GCI နှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစီအမံ - GGI) တို့သည် လက်ရှိကမ္ဘာ့အခင်းအကျင်းစနစ် ပြောင်းလဲခြင်းအတွက် အသုံးချသင့်သည့် အရေးကြီးသည့်တန်ဖိုးနှင့်မူဝါဒများကို တစ်စုတစ်စည်းတည်း ဖော်ပြထားသည်” ဟု ဆားဘီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်ကာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၀၁၂-၂၀၁၃ ခုနှစ် ဥက္ကဋ္ဌဖြစ်သူ Vuk Jeremic က ဆင်ဟွာသတင်းနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ Vuk Jeremic သည် လက်ရှိတွင် ဘယ်ဂရိတ်မြို့တွင်တည်ရှိသော Center for International Relations and Sustainable Development ကမ္ဘာ့ပြည်သူ့ရေးရာမူဝါဒ think tank အဖွဲ့၏ ဦးဆောင်သူလည်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် လုံခြုံရေးကဏ္ဍတို့သည် အပြန်အလှန်ချိတ်ဆက်အမှီသဟဲ ပြုနေကြသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူသားယဉ်ကျေးမှုတန်ဖိုးများလည်း ပို၍တက်လာစမြဲဖြစ်ကြသည်။ တရုတ်နိုင်ငံကဖော်ဆောင်လျက်ရှိသည့် Belt and Road Initiative (BRI) သည်လည်း ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ စီးပွားရေးတိုးတက်မှု၊ ဆင်းရဲမွဲတေမှုလျှော့ချရေးများအတွက် များစွာအထောက်အပံ့ပေးခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက် များက ဖော်ပြထားသည်။ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ နောက်ဆက်တွဲအဖြစ် နိုင်ငံငယ်တို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကွင်းဆက်ကို တစ်ဆင့်ပြီးတစ်ဆင့် အချိတ်အဆက်မိမိ ဖော်ဆောင်နိုင်ပြီး ၎င်းတိုင်းပြည်များ၏ တန်းတူညီမျှမှုနှင့် အရေးဆိုပါဝင်ခွင့်များလည်း တိုးတက်ခဲ့သည်။
ထို့ပြင် ကမ္ဘာကြီးပူနွေးလာခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရောဂါကပ်ဘေးများသည် သမာရိုးကျမဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများ (Non-traditional Security)တွင်ပါဝင်ကာ ၎င်းကိုကိုင်တွယ်ဖြေရှင်းရခြင်းသည်လည်း အရေးကြီးသောစီမံခန့်ခွဲမှုဖြစ်သည်။
တရုတ်နိုင်ငံသည် မြေမျက်နှာသွင်ပြင်ပထဝီအနေအထားအရ သဘာဝဘေးဒဏ်မျိုးစုံကို မကြာခဏဆိုသလို ခံစားရသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ယခုကာလလေးအတွင်းမှာပင် တရုတ်နိုင်ငံ၏ အချို့ဒေသများတွင် တိုင်ဖုန်းမုန်တိုင်းဝင်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ရွှံနွံပြိုကျခြင်းများကို ဆက်တိုက်ရင်ဆိုင်နေရပေသည်။ ထိုကဲ့သို့သော ကြီးမားသည့်သဘာဝဘေးဒဏ်များကို ရင်ဆိုင်ရချိန်တွင်လည်း တရုတ်အစိုးရ၏ဦးဆောင်မှုနှင့် တရုတ်လူ့အဖွဲ့အစည်း၏ စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖြေရှင်းကြပုံမှာလည်း အလွန်စနစ်တကျရှိသည်ကို တွေ့ခဲ့ရသည်။ ယခုရက်ပိုင်းအတွင်း အလွန်ဝေးလံသည့်၊ နီပေါနိုင်ငံနှင့်နယ်စပ်ဒေသဖြစ်သော ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေခဲတောင်နှင်းခဲများ ပျော်ကျရာမှဖြစ်ပေါ်လာသည့် ရွှံနွံပြိုကျမှုကြောင့် အဆိုပါဒေသရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြရသည်။ တရုတ်တပ်မတော်၊ မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများက ရှိးဇန့်ဒေသအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံသည် မိမိနိုင်ငံအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလိုပင် အဆိုပါရွှံနွံပြိုကျမှုသဘာဝဘေးဒဏ်ကို အတူတကွခံစားနေရသော နီပေါနိုင်ငံအတွက်လည်း အကူအညီများပေးရန် လက်မနှေးခဲ့၊ နောက်မကျခဲ့ပါ။
■ ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့်အခါဝယ်
ရွှံနွံပြိုကျမှုကို အတူတကွခံစားရင်ဆိုင်နေရသည့်နီပေါနိုင်ငံသို့ တရုတ်နိုင်ငံက ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ တန်ချိန် ၅၀ နှင့်တကွ လှိုင်ဂူကယ်ဆယ်ရေးကျွမ်းကျင်ပညာရှင် ကိုးဦးကို စက်ပစ္စည်းကိရိယာအစုံအလင်ဖြင့် ဩဂုတ်လ ၃၀ ရက်နေ့ကပေးပို့ခဲ့ကာ နီပေါနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီလျက်ရှိသည်။ တရုတ်တပ်မတော် (လေ) ၏ Y-20 ထောက်ပို့လေယာဉ်နှစ်စင်းဖြင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းပေါင်း ၁၃,၂၀၀ ခုရေကိုလည်း နီပေါနိုင်ငံသို့ ပေးပို့ပြီးဖြစ်ကြောင်းသိရသည်။ ထို့အပြင် လူသားချင်းစာနာမှု အရေးပေါ်ငွေကြေးထောက်ပံ့မှုကိုလည်း အဆိုပါရက်ပိုင်းအတွင်းမှာပင် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဟိမဝန္တာတောင်တန်းများ၏ ရေခဲစိုင်များပျော်ကျရာမှ ရွှံနွံပြိုကျမှုကို ရင်ဆိုင်နေရသော ကံကြမ္မာတူနီပေါနိုင်ငံအတွက် တရုတ်နိုင်ငံက ၎င်းကိုယ်တိုင် သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ရင်ဆိုင်နေရချိန်မှာပင် ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ တန်ချိန် ၅၀၊ တရုတ်အစိုးရကပေးအပ်သည့် အမေရိကန်ဒေါ်လာ ၂ သန်း၊ တရုတ်ကြက်ခြေနီအသင်းက အမေရိကန်ဒေါ်လာ ၂ သိန်း၊ လှိုင်ဂူကယ်ဆယ်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့ နှစ်ဖွဲ့နှင့် ကပ်ဘေးသင့်ရာဒေသ၏ ဂြိုလ်ထုဓါတ်ပုံများနှင့် ရေမြေအချက်အလက်များကို ကူညီပေးထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးဖြစ်ခဲ့စဉ်ကလည်း နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့အဖြစ် တရုတ်နိုင်ငံက ပထမဆုံးဆိုက်ရောက်ခဲ့ခြင်းဖြစ်ကာ တရုတ်ကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများက အများဆုံးဖြစ်ခဲ့သည်။ ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း သောက်သုံးရေမှအစ တရုတ်နိုင်ငံကအများဆုံးကူညီလှူဒါန်းခဲ့သည်ကို သတိရမိသည်။
ထို့အတူ မကြာသေးခင်က ကွန်ဂိုနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အီဘိုလာကူးစက်မှုအတွက်လည်း တရုတ်ဆေးအဖွဲ့များစေလွှတ်ခဲ့သေးသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂအတွက်လည်း ငွေကြေးထည့်ဝင်မှု ဒုတိယအများဆုံးတိုင်းပြည်ဖြစ်ကာ ကုလသမဂ္ဂ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် စစ်သားပေးပို့မှုအများဆုံးတိုင်းပြည်လည်း ဖြစ်သည်။
ကျွန်မတို့နေထိုင်ရာကမ္ဘာသည် တိုင်းပြည်များအားလုံး၊ ကမ္ဘာသူကမ္ဘာသားများအားလုံး၏ အိမ်ဖြစ်ပါသည်။ အတူတကွမျှဝေနေထိုင်နေကြသည့် အိမ်ကြီးကို ငြိမ်းချမ်း၍ ရေရှည်တည်တံ့ရန် အတူတကွကြိုးစား ထိန်းသိမ်းကြရမှာဖြစ်သည်။ အဓိကနိုင်ငံကြီးများက သင့်မြတ်၍လူသားတို့အပေါ် စာနာနိုင်လျှင် ပို၍စည်းလုံးသောကမ္ဘာကို ဖန်တီးနိုင်ကြပါမည်။ စည်းလုံးသောကမ္ဘာကြီးက သဘာဝတရား၏ရိုက်ခတ်မှုများကိုလည်း အတူတကွ ရင်ဆိုင်ကျော်ဖြတ်နိုင်ပေလိမ့်မည်။
“ယခုအခါ နိုင်ငံတကာအခင်းအကျင်းသည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးသည့်ပြောင်းလဲခြင်းများကို အရှိန်အဟုန်ပြင်းပြင်းနှင့် ရင်ဆိုင်နေကြရပြီး မသေချာမရေရာမှုနှင့် ခန့်မှန်းရခက်ခြင်းများက အင်အားပြင်းလျက်ရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အားလုံးအကျိုးစီးပွားဖြစ်ထွန်းမယ့် win-win ရလဒ်များကို ရှာဖွေနေကြတဲ့ လူသားတွေရဲ့ဆန္ဒကတော့ မပြောင်းလဲသေးပါဘူး” ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ခါဇက်စတန်နိုင်ငံတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး၏ အစည်းအဝေးတက်ရောက်ရန် ရောက်ရှိခိုက် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။