Eleven Media Group

■ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိနိုင်သည့် အခွင့်အလမ်းရှိနေကြောင်း ရုရှားသမ္မတ ပူတင်ပြောကြား

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်ရရှိနိုင်သည့် အခွင့်အလမ်းရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကလည်း အဆိုပါ သဘောတူညီချက်ရရှိရေးအတွက် ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနေသည့် အမေရိကန် စိစစ်ညှိနှိုင်းရေးမှူးများသည် မကြာမီ ရုရှား၏မြို့တော်မော်စကိုနှင့် ယူကရိန်း၏မြို့တော် ကိယက်ဗ်မြို့များသို့ လာရောက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသတွင် ကျင်းပသည့် စီးပွားရေး ဖိုရမ်တစ်ခု၌ မိန့်ခွန်းပြောကြားရာတွင် ပူတင်က အမေရိကန်နှင့် တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားသည် ငြိမ်းချမ်းရေးဆိုင်ရာ ပြေလည်မှုတစ်ရပ် ရရှိရေးကို ကူညီပံ့ပိုးပေးရန် အသင့်ရှိနေကြကြောင်း ပြောကြားခဲ့သည်။

"ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒီပြဿနာကို ပဋိပက္ခမှာ ပါဝင်နေကြတဲ့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ပြေလည်ရေးအတွက် ကူညီပေးဖို့ ကြိုးပမ်းနေကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
အခွင့်အလမ်း ရှိပါသလားဆိုရင် ကျွန်တော့်အမြင်အရတော့ အခွင့်အလမ်း ရှိပါတယ်" ဟု ပူတင်က ပြောဆိုခဲ့သည်။

ဇယ်လန်းစကီးကလည်း ၎င်း၏ ညစဉ် ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်း၌ အမေရိကန် စိစစ်ညှိနှိုင်းရေးမှူးများ လာရောက်မည့် မူလရက်စွဲများကို သတ်မှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန် သမ္မတရဲ့ ကိုယ်စားလှယ်တွေကို ကိယက်ဗ်မြို့မှာ တွေ့ဆုံဖို့ မျှော်လင့်ပါတယ်။ မော်စကိုနဲ့ ကိယက်ဗ်မြို့တွေမှာ သူတို့နဲ့ တွေ့ဆုံပွဲတွေ ရှိလာမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။ အမေရိကန်အနေနဲ့ တက်ကြွစွာ ဆက်လက်ပါဝင်နေဖို့က အရေးကြီးပါတယ်" ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နှစ်ဖက်လုံး၌ စစ်ပွဲနှင့် ဆုံးရှုံးထိခိုက်မှုများ အဆုံးသတ်သွားသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

"ဒါကိုပဲ အဆုံးသတ်သွားတာ ကျွန်တော် မြင်ချင်တာပါ။ ရရှိလာမယ်လို့လည်း ထင်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။

ထို့ပြင် ပူတင်အနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရန် အဆင်သင့်ဖြစ်သည့်အချိန်တွင် ၎င်းနှင့် ထိပ်သီးဆွေးနွေးပွဲပြုလုပ်လိုကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပတွင် သေကြေပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည့် အဆိုပါ ပဋိပက္ခသည် ၄ နှစ်ခွဲ ကြာမြင့်လာချိန်တွင် ငြိမ်းချမ်းရေး မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက အကောင်းမြင်သည့် သုံးသပ်ချက်များ ထုတ်ပြန်လေ့ ရှိသည်။

ရုရှားနှင့် ယူကရိန်းသည် အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးပွဲများတွင် နောက်ဆုံးအကြိမ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်မှစပြီး အမေရိကန်သည် အီရန်စစ်ပွဲတွင် အာရုံရောက်နေသဖြင့် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။

ပင်လယ်ပြင်အတွင်း၌လည်း ဆိပ်ကမ်းများနှင့် ကုန်တင်သင်္ဘောများကို အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ကမ္ဘာလုံးဆိုင်ရာ ဂျုံဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။

သဘောတူညီချက် ရရှိရေး ကြိုးပမ်းမှုများကို ဦးဆောင် ဆောင်ရွက်နေသည့် အမေရိကန် စိစစ်ညှိနှိုင်းရေးမှူးများ ဖြစ်ကြသော စတီဗ် ဝစ်ကော့ဖ်နှင့် ဂျရတ် ကုရှ်နာတို့သည် လွန်ခဲ့သည့် ဇန်နဝါရီလက မော်စကိုသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ဖူးသော်လည်း ကိယက်ဗ်သို့ သွားရောက်ခဲ့ခြင်း မရှိသေးပေ။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ပိုမိုတက်ကြွသည့် နိုင်ငံရေးနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများနှင့်အတူ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် အရှိန်အဟုန်သစ်တစ်ရပ် ဖြစ်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group