Eleven Media Group

■ ဒေါ်နယ်ထရန့်ရုပ်ပုံပါသည့် တစ်ဒေါ်လာတန် အကြွေစေ့များ စတင်ထုတ်ဝေ

အမေရိကန်ငွေကြေးထုတ်လုပ်ရေးဌာန US Mint က အမေရိကန်နိုင်ငံတည်ထောင်ခြင်း ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂ ရက်တွင် သမ္မတဒေါ်နယ်ထရန့် ပုံတူပါဝင်သည့် တစ်ဒေါ်လာတန် အကြွေစေ့ကို စတင်ရောင်းချလိုက်ပြီဖြစ်သည်။

အကြွေစေ့၏ တစ်ဖက်တွင် ထရန့်၏ပုံကို ထည့်သွင်းထားပြီး Liberty နှင့် In God We Trust ဆိုသည့် စာသားများ ဖော်ပြထားသည်။ US Mint ၏ ထုတ်ပြန်ချက်အရ အဆိုပါအကြွေစေ့များကို နေ့စဉ်အသုံးပြုရန်၊ ပုံမှန်ငွေကြေးအဖြစ် လည်ပတ်သုံးစွဲစေရန် မဟုတ်ဘဲ စုဆောင်းသိမ်းဆည်းလိုသူများအတွက် အထိမ်းအမှတ်အကြွေစေ့အဖြစ်နှင့်သာ ရောင်းချနေခြင်းဖြစ်သည်။

အမေရိကန်ဥပဒေအရ လက်ရှိသက်ရှိထင်ရှား ရှိနေသည့် သမ္မတများ၏ပုံတူကို အမေရိကန်ငွေစက္ကူနှင့် အကြွေစေ့များပေါ်တွင် ထည့်သွင်းဖော်ပြခြင်းကို တားမြစ်ထားသည်။ သို့သော် အမေရိကန်နိုင်ငံတည်ထောင်ခြင်း နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေထဲမှ ဒီဇိုင်းဆိုင်ရာအချက်တစ်ရပ်ကို အသုံးချကာ ထရမ့်၏ပုံတူပါဝင်သည့် အကြွေစေ့ကို ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

အကြွေစေ့တစ်ပြားချင်း ရောင်းချခြင်းမဟုတ်ဘဲ အကြွေစေ့ ၂၅ ပြားပါဝင်သည့် တစ်ထုပ်ကို ၆၁ ဒေါ်လာ၊ အကြွေစေ့ ၁၀၀ ပါဝင်သည့် တစ်အိတ်ကို ၁၅၄ ဒသမ ၅၀ ဒေါ်လာဖြင့် ရောင်းချခြင်းဖြစ်သည်။ ရောင်းချပြီး နာရီပိုင်းအတွင်း US Mint ၏ အွန်လိုင်းစတိုးတွင် အကြွေစေ့များ လက်ကျန်မရှိတော့ဟု ဖော်ပြခဲ့ပြီး ထပ်မံထုတ်လုပ်နေသည်ဟု ဆိုသည်။
ထို့ပြင် အကြွေစေ့များကို ဝါရှင်တန်ဒီစီရှိ US Mint ဆိုင်တွင် အလိုအလျောက်ရောင်းချသည့် စက်များမှလည်း ဝယ်ယူနိုင်သည်။ အကြွေစေ့များက ရွှေရောင်ဖြစ်သော်လည်း အမှန်တစ်ကယ် ရွှေပါဝင်ခြင်းမရှိဟု US Mint ကပြောသည်။

အမေရိကန်နိုင်ငံတည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ၁၉၂၆ ခုနှစ်က ထုတ်ဝေခဲ့သည့် တစ်ဒေါ်လာဝက်တန် အကြွေစေ့တွင် ထိုစဉ်ကသမ္မတ ကယ်ဗင်ကူးလစ်ချ်၏ရုပ်ပုံ ပါဝင်ခဲ့ဖူးသည်။ ယခုအကြွေစေ့က ထရန့်ကို နှစ်ပေါင်း ၁၀၀ အတွင်း အမေရိကန်ငွေကြေးပေါ်တွင် ဖော်ပြခံရသည့် ပထမဆုံး သက်ရှိသမ္မတ ဖြစ်လာစေသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ထရန့်ရုပ်ပုံပါဝင်သည့် ဒေါ်လာ ၂၅၀ တန် ငွေစက္ကူအသစ် ထုတ်ဝေရန်စီစဉ်နေသည်ဟုလည်း မေလက ပြောထားသေးသည်။​

မူရင်းသတင်း — Eleven Media Group