Eleven Media Group

■ အမျိုးသားလူသစ် သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအား သင်္ဘောသားမြန်မာနိုင်ငံကူး လက်မှတ်(PS)ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်အား စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်

■ ပြည်ပသို့ ထွက်ခွာရန်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၌ PS အမျိုးအစားမှ PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်

အမျိုးသားလူသစ် သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအား သင်္ဘောသားမြန်မာနိုင်ငံကူး လက်မှတ်(PS)ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်အား စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ဘဲ ပြည်ပသို့ ထွက်ခွာရန်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၌ PS အမျိုးအစားမှ PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း သင်္ဘောသားဌာနခွဲ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာသည်။

သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် အလည်အပတ်ထွက်စာရယူပြီး ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ ပြည်ပကုမ္ပဏီနှင့် တိုက်ရိုက်စာချုပ်ချုပ် ဆိုထားခြင်းမရှိပဲ ဌာနတွင် တရားဝင် SRPS လိုင်စင်မရှိသည့် ကုမ္ပဏီများ၊ ကြားခံလူပုဂ္ဂိုလ်များ၊ ပွဲစားများမှ သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုကြောင့် သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်း ခွင်များသို့ ရောက်ရှိသွားခြင်း၊ ဌာနမှ ခွင့်ပြုထားခြင်းမရှိသော ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ် ခံရခြင်း၊ ပြည်ပကုမ္ပဏီနှင့် ခိုင်မာသောစာချုပ်စာတမ်းများ ချုပ်ဆိုမှုမရှိဘဲ ကုမ္ပဏီများ၊ ကြားခံ လူပုဂ္ဂိုလ်များ၊ ပွဲစားများ၏ ဆက်သွယ်စေလွှတ်ခြင်းကြောင့် ရသင့်ရထိုက်သော လစာနှုန်းများမရရှိခြင်း၊ လစာများဆုံးရှုံးခဲ့ခြင်းနှင့် တရားမဝင်မှောင်ခိုပစ္စည်း တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရခြင်းကြောင့် ပြည်ပ၌ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း စသည်တို့ဖြစ်ပွားလျှက်ရှိကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ထို့သို့ အာမခံမရှိသော သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များအတိုင်း မပြည့်မီခြင်း၊ တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစား ခွင့်များကို ထိရောက်စွာ ဆောင်ရွက်မပေးနိုင်ခြင်း၊ ထွက်ခွာခဲ့သည့်သင်္ဘောနှင့် တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘောမတူညီသည့်အတွက် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက်မရရှိခြင်းနှင့် သင်တန်းတက်ရောက်ခွင့် မရရှိခြင်း၊ ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူခြင်းမရှိဘဲ ရုံးခန်းဖွင့်လှစ်၍ Social Media များမှတစ်ဆင့် လူသစ်များစုဆောင်းခေါ်ယူ စေလွှတ်နေသူများအတွက် တရားမဝင် ထွက်ခွာခွင့်ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးလိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက်လိမ်လည် ရယူခြင်း၊ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော သင်တန်းများတက်ရောက် ပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများ ဖြစ်ပေါ်လျှက်ရှိသဖြင့် အဆိုပါကိစ္စများကြောင့် ဌာနအနေဖြင့် အမျိုးသားလူသစ် သင်္ဘောသားများနှင့် အမျိုးသမီး သင်္ဘောသားများအား သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်အား စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ဘဲ ပြည်ပသို့ ထွက်ခွာရန်ရှိပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၌ PS အမျိုးအစားမှ PV အမျိုးအစား ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း သင်္ဘောသားဌာနခွဲ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာသည်။

မူရင်းသတင်း — Eleven Media Group