
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးအိုင် တွင် ဆောင်းခိုငှက် များ စတင်ဝင်ရောက်နေပြီး နယ်မြေအခြေအနေကြောင့် ထိန်းသိမ်းရေးအဖွဲ့များ ကွင်းဆင်းရန် ခက်ခဲနေကြောင်း သက်ဆိုင်သူများက ဆိုပါသည်။
အင်းတော်ကြီးအိုင်သို့ နှစ်စဉ် ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၄၀ ကျော်၊ အကောင်ရေ နှစ်သောင်းကျော် လာရောက်လျက်ရှိပြီး အောက်တိုဘာ နောက်ဆုံးအပတ်တွင် ငှက်မျိုးစိတ် ၂၀ ကျော် စတင်ဝင်ရောက်နေကြောင်းသိရသည်။
အင်းတော်ကြီး ဒေသ သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ဦးစီးအရာရှိနှစ်စဉ်ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းနေသူ တစ်ဦးက'' ဆောင်းခိုငှက်တွေလာနေကြပြီ။ဆောင်းတွင်းသိပ်မအေးသေးတော့ မလာကြသေးဘူး။ဇင်ယော်မျိုး၊ထန်းသီးမှုန်အကြီး၊တင်ကျီးငှက်မျိုးစိတ်ကြီး၊ ဘဲမျိုးနွယ်ဝင် တပ်တပ်မျိုး၊ရေကြက်သွန်အဲဒါတွေရောက်နေပြီ။ အင်းတော်ကြီးအိုင်ကို လာတဲ့ဆောင်းခိုငှက်မျိုးက ၄၀ ကျော်တယ်။အကောင်ရေနှစ်သောင်းလောက် ရှိတယ်။ ပွင်းလင်းရာသီဆိုရင် သစ်ထုတ်ကြအုံးမယ်။ဒေသခံတွေက ထင်းတွေ ထုတ်ကြတယ်။ငှက်စားကျက်တွေကို ယာတွေထွင်ပြီးစိုက်ပျိုးရေးလုပ်ကြတာတွေရှိတယ်။''ဟု ပြောကြားသည်။
အင်းတော်ကြီးဒေသကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ၂၀၁၆ ခုနှစ် မေအထိသာသွားလာနိုင်မှုများရှိခဲ့ပြီး ယင်းနောက်ပိုင်း သွားလာသူများ မရှိတော့ကြောင်း ပြောကြားကြသည်။
'' အဓိကတော့နယ်မြေက ဒေသခံတွေလည်း တိုက်ပွဲကြောင့် ပြေးကြရတယ်။ဟိုဘက်က ပြန်လာရင် ဒီဘက်အဖွဲ့က စစ်လားမေးလား ရှိတယ်။ဒီနှစ်တော့ ငှက်စာရင်းကောက်ဖို့ကို မလွယ်ဘူး''ဟု အင်းတော်ကြီးအိုင်ထိန်းသိမ်းရေးအဖွဲ့တွင် ပါဝင်ခဲ့သူကဆိုသည်။
အင်းတော်ကြီးဒေသတွင် ဆယ်စုနှစ် နှစ်ခုနီးပါး ရွှေတူးဖော်မှု၏ ဆိုးကျိုးများ အင်းနှင့်သက်ရှိများအပေါ် သက်ရောက်နေကြောင်း အင်းတော်ကြီးသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူများက
ဆိုသည်။ အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုများကို ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် စတင်လုပ်ဆောင်လာခဲ့ပြီးနောက် သဘာဝတောတောင်များ ပျက်စီးခြင်း၊ လယ်ယာမြေများပျက်စီးခြင်း၊ငါးမျိုးစိတ်များ ရှားပါးလာခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း ကွင်းဆင်းမှတ်တမ်းယူနေသူများက ထောက်ပြထားသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင်အပါအဝင် ၃၁၄ဒဿမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းသော အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၉၉ခုနှစ် မတ်လ ၄ ရက်တွင် တည်ထောင်ခဲ့သည်။အင်းတော်ကြီးဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၃၇မျိုး၊ ငှက် -၃၅၀မျိုး၊ရေပျော်ငှက် -၉၉မျိုး၊ကုန်နေရေနေ သတ္တဝါ -၈၈မျိုး ၊ငါး-၈၀မျိုး၊ လိပ်ပြာ -၅၀မျိုး ရှင်သန်လျက်ရှိပြီး သစ်ပင် - ၈၅ မျိုး၊ဘယဆေး ၅၆ မျိုး၊ဝါး -၁၁ မျိုး၊မြက် -၁၄ မျိုး၊ကြိမ် -၅မျိုး၊သစ်ခွ -၇၀ မျိုး ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၁၇ခုနှစ် ဇွန်လ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ၂၉ကြိမ်မြောက် UNSCO ဇီဝအဝန်း နယ်မြေများ အစည်းအဝေးတွင် အင်းတော်ကြီးဘေးမဲ့တော့နှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်းနယ်မြေအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။အင်းတော်ကြီးအိုင်သည် သဘာဝအပကြောင့်သာမက အိုင်အတွင်း တည်ရှိသည့် မြန်မာသက္ကရာဇ် ၁၂၉၀ခုနှစ် (ခရစ်နှစ် ၁၈၆၉)တွင် လူအမည် ဦးသာအေး ခေါ်ဆရာတော် ဦးမဉ္ဇူက စတင်တည်ထားခဲ့ ရွှေမဉ္ဇူစေတီမှာလည်း ကျော်ကြားသည်။
အင်းတော်ကြီးဒေသတွင် ၁၉၀၅ ခုနှစ်ကိုလိုနီခေတ်တွင် မိုင်းနောင်ကြိုးဝိုင်းကို လည်ကောင်း၊၁၉၁၂ ခုနှစ်တွင် နန့်ရင်းခကြိုးဝိုင်းကို လည်းကောင်း၊၂၀၀၄ ခုနှစ် သြဂုတ်လတွင်မိုင်းနောင်ကြိုးဝိုင်း၊နန့်ရင်းခကြိုးဝိုင်း၊ နန့်မွန်းကြိုးဝိုင်း ၊မုဆိုးကြိုးဝိုင်း၊အင်းတော်ကြီးကြိုးဝိုင်း ငါးခုနှင့် ကြိုးပြင်တော ဧရိယာ ၆၄၀၀၃ဧက တို့ကို စုပေါင်း၍ စုစုပေါင်း ဧရိယာ ၂၀၁၃၈၃ ဧကတို့ကိုအင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော့အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။