
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ဝန်ထမ်းများအား အရေးယူရာတွင် ပဏာမစုံစမ်းမှုမပြုဘဲ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်ရမည်ဟု ပြဌာန်းထားသဖြင့် ဌာန/အဖွဲအစည်းများ ဂရုပြု လိုက်နာဆောင်ရွက်သင့်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ဇာခြည်လင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီ၏ လေ့လာတွေရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ယနေ့ (အောက်တိုဘာ ၂၀ ရက်) ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးသို ဖတ်ကြားတင်ပြခဲ့ပြီး ထိုသို ဖတ်ကြားတင်ပြရာတွင် ကော်မတီဥက္ကဌက ယင်းသို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၆-ခ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်တို၏ အစီရင်ခံစာအရ ဝန်ထမ်းများအား အရေးယူသည့်အခါတွင် ပမာဏစုံစမ်းမှုကို ပြန်လည်ပြုလုပ်ခြင်းမပြုဘဲ စာရင်းစစ်ရုံးအဆင့်ဆင့်တို၏ စစ်ဆေးတွေ့ရှိချက်ကို စွဲချက်တင်ရန် အထောက်အထားတစ်ရပ်အဖြစ် မှတ်ယူ၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်ရမည်ဟု ပြဌာန်းထားသဖြင့် သက်ဆိုင်ရာ ဌာန/အဖွဲအစည်းများအနေဖြင့် ဂရုပြု၍ လိုက်နာဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ဇာခြည်လင်းက ပြောကြားသည်။
ထိုပြင် အသုံးစရိတ်တစ်ရပ်အား ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်လတွင် စုပြုံသုံးစွဲခြင်းနှင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲနိုင်မှုမရှိဘဲ ငွေထုတ်ယူထားပြီး ကာလကြာမြင့်စွာ လက်ဝယ်ကိုင်ဆောင်ထားခြင်းမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့်အခြေအနေဖြစ်ပေါ်ခဲ့သဖြင့် အသုံးစရိတ်များ ထုတ်ယူသုံးစွဲရာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူသုံးစွဲစေရေးအတွက် တာဝန်ရှိသူများက အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ကော်မတီဥက္ကဌက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ယင်းအစီရင်ခံစာအပေါ် ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတိုကို ယနေ့ (အောက်တိုဘာ ၂၀ ရက်) ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။