Myanmar National Post

မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်


စစ်တွေ၊ အောက်တိုဘာ ၂၀

မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်မည့်အခြေအနေများကို အောက်တိုဘာ ၁၇ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့အတူ ဆားချက်ကျေးရွာ ရေရရှိရေးအတွက် ဆားချက်ဆည်မှ ကျေးရွာအတွင်းသို့ ရေပေးရေး ဆောင်ရွက်မည့်အခြေအနေ၊ ပလင်တောကျေးရွာနှင့် သာယာကုန်းကျေးရွာ ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း (ဆားချက်)၊ အခြေခံပညာအထက်တန်းကျောင်း (သာယာကုန်း) တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များ ကောင်းမွန်စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံကိုလည်းကောင်း၊ ဆိုလာစက်ရုံအနီးရှိ အမဲသားပြားလွှာစက်ရုံ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ ဆားချက်တိုက်နယ်ဆေးရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်း ကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်း ကျောင်း(မျှော်တော်ဦး)၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ (အိုးဝ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(ကမား)တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။

ထို့အတူ မျှော်တော်ဦးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းကာ မျိုးစေ့ထုတ်စိုက်ခင်းဧက ၂၀ ဖြစ်ထွန်းအောင်မြင်မှု၊ ဇီးတောကျေးရွာတွင် မာန်အောင်ကျွန်းကို အခြေခံ၍ သဘာဝကျောက်ပုစွန် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စမ်းသပ်လုပ်ကွက်များ ဆောင်ရွက်နေမှု၊ သရော်တောကျေးရွာသွားလမ်း၊ ကမားကျေးရွာကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ မျှော်တော်ဦးကျေးရွာ ရေရရှိရေးအတွက် မြေသားရေကန်တူးဖော်နိုင်ရေး၊ သစ်ပုံချောင်းတွင် Check Dam တည်ဆောက်၍ ရေရရှိရေးဆောင်ရွက် မည့်အခြေအနေ၊ ပြင်ကောက်ကျေးရွာ ရေရရှိရေး ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရ သည်။


တင်ထွန်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post