Eleven Media Group

မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်ရှင်ကို ဓားဖြင့်ထိုး၍ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား လေးဦးကို သက်သေခံပစ္စည်းများနှင့်အတူ နှစ်ရက်အကြာ၌ ဖမ်းဆီး

မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်ရှင်ကို ဓားဖြင့်ထိုး၍ လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား လေးဦးကို သက်သေခံပစ္စည်းများနှင့်အတူ နှစ်ရက်အကြာ၌ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ စက်တင်ဘာ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ် (၃၁)နှစ်သည် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်သိမ်းနေစဉ် MASK တပ်ထားသည့် အမျိုးသား လေးဦးမှ ဆိုင်အတွင်းဝင်ရောက်လာပြီး ဓားဖြင့်ခြိမ်းခြောက်၍ Iphone 16 pro အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ Redmi Note 7 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ Oppo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ငွေ ၁၀ သိန်းကျပ်ခန့်နှင့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ ၆၉ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ကာ ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ဖြိုးဇာလတ်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်ရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၁၉၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူတရားခံ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁) ရပ်ကွက်နေ ဆိုင်မွန်စွန်ကျဲထန်း(၂၉)နှစ်အား အဆိုပါရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ကောင်းဓမ္မာရုံလမ်းထောင့်၌ လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ တရားခံ ခန့်လင်းထွဋ် (၃၂)နှစ်နှင့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ တရားခံ ထက်အောင်(ခ)ဖိုးဂျိမ်း(၂၈)နှစ်တို့ နှစ်ဦးအား အမှတ်(၁၁)ရပ်ကွက်ရှိ ပုဂံလမ်းမပေါ်၌ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက် တစ်ချောင်းနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ အေးမျိုးကျော် (ခ)ပါကညော (၂၃)နှစ်အား ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ဆိုင်မွန်စွန်ကျဲထန်း၊ခန့်လင်းထွဋ်၊ထက်အောင်(ခ)ဖိုးဂျိမ်းနှင့် အေးမျိုးကျော် (ခ)ပါကညော တို့ လေးဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့သည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “သီတာရေစင်” အအေးခန်းဧည့်ရိပ်သာ၌ ရောက်ရှိတည်းခို နေထိုင်ခဲ့ကြပြီး ငွေကြေးလိုအပ်ချက်အရ အမှတ်(၁)ရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ Mr.Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်အား ဝင်ရောက်လုယက်ရန်တိုင်ပင်ခဲ့ကြကြောင်း၊ ထို့နောက် ညပိုင်းဟော့ပေါ့ ဆိုင်သိမ်းချိန်တွင် သွားရောက်ခဲ့ကြပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများအား အသင့်ပါလာသော ဆန်ထိုးပိုက်ဖြင့် ခြိမ်းခြောက်၍ ထက်အောင်(ခ)ဖိုးဂျိမ်းမှ ဆိုင်ရှင်အမျိုးသမီးအား ဆန်ထိုးပိုက်ဖြင့် သုံးချက်ထိုး၍ လက်ကိုင်ဖုန်း သုံးလုံးနှင့် ငွေ ၁၀ သိန်းကျပ်အား လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ ဆိုင်ရှင်အား ဓားဖြင့်ထိုး၍ လုယက်ခဲ့သူ တရားခံ ထက်အောင်(ခ)ဖိုးဂျိမ်းပါ အမျိုးသား လေးဦးအား လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့သည့် Oppo အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group