
ကိုးကန့်အဖွဲ့(MNDAA)က ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်းရှိ ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့်မညီညွတ်သော တရုတ်တံဆိပ်မုန့် ၁၀ မျိုးကို စစ်ဆေးတွေ့ရှိသဖြင့် ရောင်းချခြင်းမပြုရန် တားမြစ်ကြောင်း MNDAA အဖွဲ့၏ ကျန်းမာရေးဌာနနှင့် ပညာရေးဌာနက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သည်။
MNDAA အဖွဲ့၏ထုတ်ပြန်ချက်တွင် ၎င်းတို့ ကျန်းမာရေးဌာန၏ မြေပြင်ကွင်းဆင်း စစ်ဆေးချက်များအရ စာသင်ကျောင်းများ၏ မုန့်ဈေးတန်းများတွင် ကလေးငယ်များ နေ့စဉ်ဝယ်ယူ စားသုံးနေသည့် သရေစာမုန့် (၁ဝ) မျိုး တွင် ကြီးမားသော ကျန်းမာရေးအန္တရာယ်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။
အဆိုပါ မုန့်များတွင် ကလေးငယ်များ၏ အသည်းနှင့်ကျောက်ကပ်ကို ဝန်ပိစေပြီး ကင်ဆာဖြစ်စေနိုင်သည့် Sodium Cyclamate (ဓာတုအချိုတု)၊ အာရုံကြောထိခိုက်စေသော TBHQ (တာရှည်ခံဆေး)၊ ဉာဏ်ရည်ဖွံ့ဖြိုး မှုကို ထိခိုက်စေသော Amaranth Red (ဆိုးဆေးနီ)၊ အရိုးအဆစ် ဖွံ့ဖြိုးမှုကို ထိခိုက် စေသော ဖော့စဖိတ် ဒြပ်ပေါင်းများ နှင့် နေ့စဉ်စားသုံးသင့်သည့် ပမာဏထက် ပိုမိုလွန်ကဲနေ သော ဆားဓာတ် (Sodium) များ ပါဝင် နေကြောင်း တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ကျောင်းသား/သူ ကလေးငယ်များ၏ အနာဂတ်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းကမ်းချက်များကို အတိအကျ လိုက်နာဆောင်ရွက်ကြရန် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ ပူးပေါင်း၍ တားမြစ်မိန့်ထုတ်ပြန်ကြောင်း MNDAA အဖွဲ့က ထုတ်ပြန်သည်။
ယင်းမုန့် (၁၀) မျိုးအပါအဝင် FDA ထောက်ခံချက်မရှိသော၊ သက်တမ်းလွန် နေသော၊ မည်သည့် အစားအသောက် ကိုမဆို ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးတန်းများတွင် ရောင်းချ ခြင်းကို လုံးဝ တားမြစ်ပိတ်ပင်ကြောင်း၊ ဤအမိန့်စာထုတ်ပြန်သည့် ရက်မှစ၍ တစ်လ တိတိကို ကြိုတင်သတိပေးကာလအဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါတစ်လ အတွင်း ဈေးသည်များအနေဖြင့် မိမိတို့ထံရှိ လက်ကျန်မုန့် များကို အမြန်ဆုံးရှင်းလင်းရန်နှင့် နောက်ထပ် အသစ်ထပ်မံမှာယူ တင်သွင်းခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် သတ်မှတ်ထားကာလ တစ်လ ကုန်ဆုံးပြီးနောက်ပိုင်းတွင် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ကျောင်းမုန့်ဈေးတန်းများသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ (Surprise Checks) ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ယခုတားမြစ်ချက်ကို လိုက်နာရန်ပျက်ကွက်ပြီး အဆိုပါ အန္တရာယ်ရှိမုန့်များကို ဆက်လက်ရောင်းချနေကြောင်း တွေ့ရှိပါက ရောင်းချသူအား စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ညွှန်ကြားချက်အား ကျောင်းမုန့်ဈေးတန်းဈေးသည်များအားလုံး ခြွင်းချက်မရှိလိုက်နာ လာစေရန်အတွက် သက်ဆိုင်ရာပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း MNDAA အဖွဲ့က ထုတ်ပြန်သည်။
MNDAA အဖွဲ့က တားမြစ်ပိတ်ပင်သည့် တရုတ်တံဆိပ်မုန့် ၁၀ မျိုးမှာ La Mo Fang (အစပ်တုံး)၊ KISS TABLETS (အနမ်းချပ်)၊ Su Niu Du (သက်သတ်လွတ် အမဲအူကြမ်း)၊ စပ်မွှေးနားရွပ်ကြွပ်/ဝက်နားရွက်ကြွပ်၊ Yu Mi Chang (ပြောင်းဖူးအူချောင်း)၊ Su Xia Pa Zi (သက်သတ်လွတ် ပင်လယ်ဖားကောင်တု)၊ Xiāng Là Jīn Zhēn Gū (အစပ်မှိုအပ်တို)၊ ဝမ်ဟုန် ပန်းပန်းချောင်း၊ နေ့စဉ်ရေညှိအရသာ အစပ်ချပ်နှင့် ဒေါ့ရှင်းရွှမ်း အစပ်ချောင်းတို့ဖြစ်ကြောင်း သိရသည်။