Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်နိုင်ငံ သမ္မတနှင့် ဇနီးတို့က အမျိုးသားလွှတ်တော်တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗီယက်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်နိုင်ငံ သမ္မတနှင့် ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ယနေ့(စက်တင်ဘာ ၅ ရက်)ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ သမ္မတနှင့် ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ လိုက်ပါလာသည့် အထူးယာဉ်တန်းသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိလာရာ အသင့်စောင့်ကြိုနေသည့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီး တို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီးနောက် ဗီယက်နမ် ကျောင်းသား၊ ကျောင်းသူလေးများက ပန်းစည်းကမ်း၍ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ နှစ်ဦးတို့သည် လျှောက်လမ်းအတိုင်း ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုမည့် စင်မြင့်နေရာသို့ အတူတကွသွားရောက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူကြသည်။

အလေးပြုခံယူပြီး နောက်တွင် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုစင်မြင့်မှ လျှောက်လှမ်းလာပြီး ဂုဏ်ပြုတပ်ဖွဲ့ ၏ အစနေရာတွင်ရပ်တန့်ကာ ဗီယက်နမ်ပြည်သူ့တပ်မတော် အလံတော်ကို ဦးညွတ်အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့ အား ယှဉ်တွဲ လမ်းလျှောက်၍ စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဂုဏ်ပြုတပ်ဖွဲ့ခေါင်းဆောင်က ခေါင်းဆောင်က အလေးပြု၍ ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီး တို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်အရာရှိကြီး များအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုထွက်ခွာမှုအား ခံယူကြသည်။

အဆိုပါ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သုံးရက်တာ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ သည် ဗီယက်နမ်နိုင်ငံ သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။

ထို့အပြင် ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူ များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စများ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group