









ပခုက္ကူ၊ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပညာဇောတ(အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၈၁နှစ်၊ သိက္ခာတော် ၆၁ ဝါရှိ မဟာထေရ်မြတ်ကြီး၏အန္တိမအဂ္ဂိ ဈာပနအခမ်းအနားကို စက်တင်ဘာလ ၄ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ထီးဖြူရုံမဏ္ဍပ်တော်ရှိ မြပုခက်အတွင်းမှ လောင်တိုက်တည်ရှိရာ ဂူတောင်ကျောင်းမီးသဂြိုလ်ကွင်းသို့ ယာဉ်ထိန်းရဲမော်တော်ယာဉ်များ၊ သာသနာ့အလံကိုင်အဖွဲ့၊ ဆရာတော်ကြီး၏ပုံတော်နှင့် ဘွဲ့တံဆိပ်တော်ယာဉ်များ၊ ဩဝါဒဆရာတော်ကြီးများ၏မော်တော်ယာဉ်တန်းများ၊ ပုဂံဝင်းအဖွဲ့၊ ပန်းဖလား ပန်းပေါက်ပေါက်နှင့် လွမ်းသူ့ပန်းခွေကိုင်အမျိုးသမီးများ၊မဟာဝိသုတာရာမ(အလယ်)တိုက်သံဃာတော်များ၊ဆွေတော်မျိုးတော်များနှင့်တပည့်ဒကာ/ ဒကာမများ(ခြေလျင်)၊ ဆိုင်းနှင့်လိုက်ပါပို့ဆောင်သည့် မော်တော်ယာဉ်တန်းများနှင့်အတူ ကရဝိတ်ယာဉ်ဖြင့် ပင့်ဆောင်ပူဇော်ပြီး အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာအခမ်းအနားကျင်းပရာ ရေနံချောင်းမြို့၊ ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော် ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တတေဇနိယ(အဘိဓဇမဟာရဋ္ဌဂုရု)၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်ဘဒ္ဒန္တကုမာရ(အဘိဓဇမဟာရဋ္ဌဂုရု)၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပခုက္ကူဆရာတော်ဘဒ္ဒန္တသီဟ(အဂ္ဂမဟာ ပဏ္ဍိတ) ဦးဆောင်သော ဆရာတော် သံဃာတော်အရှင်သူမြတ်အပါး(၇၀၀)၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီး မောင်မောင်ဝင်း နှင့်အရာရှိ/အရာခံစစ်သည်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဘုရားဂေါပကအဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ စုစုပေါင်း (၂၃၀၀)ဦးကျော် တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ဆက်လက်၍ စက်တင်ဘာလ ၅ရက် နံနက် ၇နာရီခွဲအချိန်တွင် ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သောအရိုးတော်များကို မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနနာယကဆရာတော်ကြီးများအဆက်ဆက်၏အရိုးအိုးများ ဌာပနာသွင်းပူဇော်ထားရှိရာ အမှတ်(၆)ရပ်ကွက် ဂူတောင်တောင်ပေါ်ရှိ အရိုးစေတီတော်၌ ဌာပနာသွင်းပူဇော်ခြင်း၊ မွန်းတည့် ၁၂နာရီအချိန်တွင် ဧရာဝတီမြစ် အတွင်းသို့ ပြာအိုးရေမျှောပူဇော်ခြင်းများဖြင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြ ကြောင်းနှင့် ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း ၁၃၈၈ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ရက် (၂၆-၈-၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၄နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News