
စာတိုက်မှတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် ဓာတ်ပုံများကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရန် လိုအပ်ပြီး သတ်မှတ်ချက်မကိုက်ညီသည့် လျှောက်လွှာ ၆၁ စောင်အား ငြင်းပယ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ Online Service Portal (OSP) တွင် ထည့်သွင်းလိုက်သော ဓာတ်ပုံအား အောင်လက်မှတ်ပေါ်တွင် တိုက်ရိုက်ကပ်နှိပ် အသုံးပြုမည်ဖြစ်ပါသဖြင့် မှတ်ပုံတင်နှင့် ဓာတ်ပုံများကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရန် လိုအပ်ကြောင်း၊ သတ်မှတ်ချက် မကိုက်ညီသော၊ အရည်အသွေး မကောင်းသော သို့မဟုတ် အောင်လက်မှတ်တွင် ကပ်ရန် မသင့်လျော်သော ဓာတ်ပုံများကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ဘဲ လျှောက်ထားခြင်းကို ယာယီငြင်းပယ် (Reject) သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ စာတိုက်ထုတ် အောင်လက်မှတ်လျှောက်လွှာ (၆၁) စောင်အား ငြင်းပယ်ထားပြီး ငြင်းပယ်ထားသည့် အကြောင်းအရင်းများ ဓာတ်ပုံ အရည်အသွေး မကောင်းခြင်း၊ သတ်မှတ် ဓာတ်ပုံဆိုဒ် မကိုက်ညီခြင်း၊ အောင်လက်မှတ်အတွက် မဟုတ်ဘဲ မသက်ဆိုင်သည့် ပုံများ တင်သွင်းထားခြင်း၊ သင့်လျော်သည့် ဝတ်စားဆင်ယင်မှု မဟုတ်ခြင်း၊ ဓာတ်ပုံတွင် အရိပ်ကျနေခြင်း၊ မူလရုပ် ပျောက်ကွယ်သည်အထိ အလွန်အမင်း ပြုပြင်ထားခြင်း (Filter / Edit)၊ အောင်လက်မှတ်တွင် ကပ်ရန် ဓာတ်ပုံ မပါဝင်ခြင်း၊ မျက်နှာနှင့် နားရွက်များ ရှင်းလင်းစွာ မပေါ်လွင်ခြင်းတို့ကြောင့် ငြင်းပယ်ထားကြောင်း သိရသည်။
မိမိလျှောက်လွှာ အခြေအနေကို စာတိုက်ထုတ် လျှောက်ထားသူများအနေဖြင့် မိမိရရှိထားသည့် QR နံပါတ်ကို အသုံးပြု၍ဖြစ်စေ၊ လျှောက်ထားခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ကို အသုံးပြု၍ဖြစ်စေ OSP တွင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်း၊ စစ်ဆေးရန် ယခုလင့် (https://osp.dme.gov.mm/search/booking) စစ်ဆေးနိုင်ကြောင်း၊ သိရသည်။
ဓာတ်ပုံ ပြန်လည်တင်သွင်းရာတွင် သတိပြုရန် အချက်များအနေဖြင့် တင်သွင်းမည့် ဓာတ်ပုံသည် ဘေးဘောင်အဖြူများ မပါရှိရပါ၊ အရွယ်အစား ၁.၅ လက်မ x ၂ လက်မ သတ်မှတ်ချက်အတိုင်း ကိုက်ညီရမည်၊ အရည်အသွေးကောင်းမွန်သော ဒီဂျစ်တယ်ဓာတ်ပုံ (Digital Photo) အမှန်ကိုသာ ပြန်လည်တင်ပြရမည်ဖြစ်ပြီး ထုတ်ထားသည့် ဓာတ်ပုံအား ဖုန်းဖြင့် ပြန်ရိုက်ထားသော ပုံများကို လုံးဝ မတင်ရန် စသည့်အချက်များကို သတိပြုရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တစ်ကြိမ်သာ ပြန်လည်ပြင်ဆင်ခွင့်ပေးမည်ဖြစ်ပါသဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သော ဓာတ်ပုံဖြစ်စေရန် သေချာစွာ စစ်ဆေး၍ ပြန်လည်တင်သွင်းပေးပါရန် အထူးသတိပြုရမည်ဖြစ်ကြောင်း သိရသည်။