Myanmar National Post

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်၊ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းပြီးစီးမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး








ဖလမ်း၊ အောက်တိုဘာ ၂၀

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ချင်းပြည်နယ်အစိုးရ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများ ဗလငါးတန်နှင့်ပြည့်စုံဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ စာဖတ်သည့်ဝါသနာနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းမှရရှိလာသည့် အသိပညာဗဟုသုတများကို လက်တွေ့အသုံးချနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “စာအုပ်ဆိုတာ အဝေးကဗဟုသုတများကို မိမိတို့လက်ထဲရောက်အောင် ဆောင်ကြဉ်းပေးကြောင်း၊ ဒါကြောင့် စာအုပ်တွေကို ချစ်မြတ်နိုးတတ်သည့်စိတ် မွေးစေချင်ကြောင်း၊ စာဖတ်ခြင်းဟာ အတွေးအခေါ်ကိုမြင့်မားစေပြီး အဝေးကြီးအထိ လှမ်းမျှော်မြင်စေနိုင်ကြောင်း၊ နိုင်ငံတော်ကတန်ဖိုးထားရတဲ့ လူငယ်တွေဟာ ဗလငါးတန်နဲ့ပြည့်စုံဖို့လိုအပ်ပါကြောင်း၊ မီဒီယာအဆိပ်သင့်အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ စာအုပ်ကောင်းတွေကို လေ့လာဖတ်ရှုကြဖို့ တိုက်တွန်းပါကြောင်း၊ ကျောင်းဆရာ၊ ဆရာမတွေ၊ မိဘတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကလေးတွေ စာကြည့်တိုက်ကို စိတ်ဝင်စားလာအောင် အားလုံးဝိုင်းဝန်းပြီး လှုံ့ဆော်ပေးကြရမှာဖြစ်ကြောင်း၊ တောင်တန်းတွေကို ကျော်လွန်ပြီး ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်ဖို့ စာဖတ်ကြရမှာဖြစ်ကြောင်း၊ စာမတတ်တဲ့သူဟာ ထိုင်နေတဲ့သူနဲ့တူပြီး စာတတ်ပေမဲ့ စာမဖတ်တဲ့သူဟာ ရပ်နေတဲ့သူနဲ့တူကြောင်း စာလည်းတတ်၊ စာလည်းဖတ်တဲ့သူသာလျှင် အရှေ့ကိုလမ်းလျှောက်နေသူဖြစ်ကြောင်း စာဖတ်ခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ကြောင်း၊ ရပ်တန့်နေသူမဖြစ်ပဲ ရှေ့ကိုလှမ်းလျှောက်နေသူတွေဖြစ်ဖို့ စာအုပ်စာပေကို ချစ်မြတ်နိုးသူတွေဖြစ်ဖို့ တိုက်တွန်းလိုကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆိုတာ ခဏတဖြုတ် ဆောင်ရွက်ရမည့်လုပ်ငန်းမဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ကျောင်းဆရာ/ဆရာမများမှလည်း ဝိုင်းဝန်းပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့်ရရှိလာသည့် အသိပညာဖြင့် မိမိဘဝ၊ မိမိဒေသနှင့် မိမိနိုင်ငံ၏အကျိုးကို ဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်မှ”စာပေဆိုတာ လူတစ်ဦးချင်း၏ အသိပညာကို ပွင့်လင်းစေရုံမက လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကိုပါ တိုးတက်မြင့်မားစေနိုင်ကြောင်း၊ သဘာဝအလှတွေပြည့်နေသည့် ချင်းတောင်တန်းပေါ်မှ အသိပညာဗဟုသုတတွေ ဝေဆာပွင့်လန်းစေဖို့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းသည် ကျန်းမာကြံ့ခိုင်ပြီး ပညာပြည့်ဝသည့် အနာဂတ်မျိုးဆက်သစ်များကို ပျိုးထောင်ခြင်းဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ပွဲတော်တစ်ခုအဖြစ်သာမဟုတ်ဘဲ နေ့စဉ်ဘဝ၏ အလေ့အကျင့်တစ်ခုအဖြစ် ပြောင်းလဲသွားအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေနဲ့ စာအုပ်စာပေများကို မိမိတို့၏ ထာဝရမိတ်ဆွေစစ်အဖြစ် ပေါင်းသင်းစွဲကိုင်ကြဖို့တိုက်တွန်းကြောင်း”ပြောကြားသည်။

ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲပထမဆုရ၊ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းမှ မောင်ဘွဲလျန်ထန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆုရ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဆွီးငွန်မန်းတို့က ကျပန်းစကားပြောတင်ဆက်ခဲ့ကြသည်။

ယင်းနောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဆုများ အသီးအသီးချီးမြှင့်ခဲ့ကြသည်။ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲအား ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အောက်တိုဘာ (၁၄) ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူ (၁၃) ဦး တို့ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်နက်ပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ ဦးစီးအရာရှိ (မြို့ပြ) နေအိမ်၊ (၂) ခန်းတွဲ ဝန်ထမ်းအိမ်ယာနှစ်လုံး ပြုပြင်ပြီးစီးမှုအခြေအနေနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဝန်ထမ်းအိမ်ရာပြုပြင်ပြီးစီးမှု အခြေအနေများနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း‌ကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးအဆောက်အဦများအား နိုင်ငံတော်မှအကုန်အကျခံကာ ပြန်လည်ပြုပြင်ပေးပြီးဖြစ်သည့်အတွက် အဆောက်အဦများအား အကျိုးရှိရှိအသုံးချ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ အခြေခံအဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်၍ ကောင်းမွန်လာပြီဖြစ်သည့်နည်းတူ ဝန်ထမ်းများ၏ စိတ်ဓါတ်စည်းကမ်း ကောင်းမွန်အောင်နေထိုင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post