Eleven Media Group

PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်

PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို စက်တင်ဘာ ၄ ရက်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် အမ်-၁၆ သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ၉ မမပစ္စတို သေနတ် ၄ လက်၊ ပွိုင့်-၃၈ ပစ္စတို သေနတ် ၁ လက်၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၆၆ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၃ လက် အတွက် ငွေကျပ် သိန်း ၁၅၀ ၊ လက်လုပ်သေနတ် ၁ လက်အတွက် ငွေကျပ် ၅ သိန်း၊ ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ်သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၄ လုံး အတွက် ငွေကျပ် ၁၂ သိန်း၊ လမ်းလျှောက်စကားပြောစက် ၃ လုံးအတွက် ငွေကျပ် ၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၇၃ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁၇ ဦးအတွက် ဆုကြေးငွေများနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများက လက်ခံရယူကြကြောင်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ အမျိုးသား ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှ အမျိုးသမီး ၁ ဦး၊ မှော်ဘီမြို့နယ်မှ အမျိုးသား ၁ ဦး၊ လှိုင်သာယာမြို့နယ်မှ အမျိုးသား ၁ ဦး၊ မိချောင်းအိုင်ရွာသစ်မှ အမျိုးသား ၁ ဦး၊ မြောက်ဒဂုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်တန်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ အမျိုးသား ၁ ဦး၊ ဝေါမြို့နယ်မှ အမျိုးသား ၁ ဦး၊ သနပ်ပင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှ အမျိုးသား ၁ ဦး၊ မြဝတီမြို့နယ်မှ အမျိုးသား ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်မှ အမျိုးသား ၁ ဦးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အမျိုးသား ၂ ဦး၊ စုစုပေါင်း (၁၇) ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group