
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသား တစ် ဦးနှင့် အမျိုးသမီး သုံး ဦး ရေဆင်းကူးရာမှ အမျိုးသမီး နှစ်ဦး ရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ ဂွေးခါးတောင်အနီးရှိ သဘာဝရေကန်တွင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၃) ဦး ရေဆင်းကူးရာမှ မိန်းကလေး (၂) ဦး ရေနစ်မြှုပ် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသမီး နှစ် ဦး ရေနစ်ပျောက်ဆုံးကြောင်း မွန်းလွဲ ၃ နာရီခွဲ ခန့်တွင် တပ်ကုန်းမြို့နယ် မီးသတ်စခန်းသို့ သတင်းပေးပို့ချက်အရ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁) စီးဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာတွင် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ခြုံကြီးကျေးရွာနေ မအိမွန်သော်၏ ရုပ်အလောင်းအား လည်းကောင်း၊ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်တွင် မြဝတီရပ်ကွက်နေ မရွှန်းလဲ့ဝတ်ရည်၏ ရုပ်အလောင်းအား လည်းကောင်း အသီးသီး ရှာဖွေတွေ့ရှိခဲ့ကြောင််း သိရသည်။
သေဆုံးသူ မိန်းကလေး (၂) ဦး၏ ရုပ်အလောင်းများအား တပ်ကုန်းမြို့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက လူနာတင်ယာဉ်ဖြင့် တပ်ကုန်းမြို့နယ် (ကုတင် ၁၀၀) ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။