Eleven Media Group

သီပေါ သီတဂူ စက္ခုဒါနဆေးရုံ၏ ( ၅၇ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို  စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့ထိ ဖွင့်လှစ်ကုသမည်

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ( ၅၇ ) ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဖွင့်လှစ်ကုသရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည် ။

" သီပေါသီတဂူစက္ခုဒါနဆေးရုံရဲ့ ၅၇-ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို စက်တင်ဘာ ၁၄-ရက်နေ့စပါမယ်၊ မျက်စိလူနာတွေ များလို့ လူနာဆောင်မဆန့်ရင် ထားနိုင်အောင် တရားခန်းမဆောင်နဲ့ ကိုရင်တွေရဲ့ စာသင်ခန်းမကို သန့်ရှင်းရေးလုပ်နေပါတယ် ။ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ် ကုသမှု ခံယူနိုင်ပါပြီ။ ရပ်ဝေး လူနာများအနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး အရောက်လာခဲ့ကြပါ " ဟု သီပေါမဟာမုနိဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ အခမဲ့မျက်စိကုသမှု အစီအစဉ်များတွင် အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူ များပြားခြင်းကြောင့် အစီအစဉ်ကို သတ်မှတ်ရက်ထက်စော၍ ကုသဆောင်ရွက်ရခြင်း ၊ သတ်မှတ်ရက်များကို ထပ်တိုး ဆောင်ရွက်ရခြင်းများ ရှိခဲ့ကြောင်း သိရှိရသည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး
မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး၊ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၁ ကြိမ်မှ ၅၆ ကြိမ်အထိ ၁၇-နှစ်အတွင်း မျက်စိလူနာပေါင်း ၃၈၅၈၁ ဦး စမ်းသပ်စစ်ဆေးပေးပြီး မျက်စိလူနာပေါင်း ၉၈၆၇ -ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရှိရသည် ။

မူရင်းသတင်း — Eleven Media Group