Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း)ခရိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပ


ရန်ကုန်၊ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း)ခရိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ်အနုပညာရှင် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် (ကိုယ်စား)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်အဆင့် ရွှေတံဆိပ်များရှင် လဝန်းအောင်(ခ)သိဒ္ဓိအောင်ကသီဆို၍ မင်းသား နိုင်ထက်အောင်နှင့် မင်းသမီးမိုးဝတီပိုင်တို့က “အောင်စေ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း)ခရိုင် ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

၎င်းနောက် စန္ဒယားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မောင်စန်းပြည့်လင်းနှင့် သရုပ်ဆောင်မင်းသမီး တေးသံရှင် ပျိုမေတို့က “အလှသစ္စာတရား” သီချင်းဖြင့်လည်းကောင်း၊ ရုပ်သေးပညာရှင် နိုင်ငံခြားပြန် ရွှေတံဆိပ်(၂၅)ဆုရှင် ဦးစိန်အေးမြင့်က “မြန်မာ့ရိုးရာရုပ်သေး” အကအလှဖြင့်လည်းကောင်း၊ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုများရှင် တက္ကသိုလ်ရဲဝင်းက စောင်းတူရိယာ၊ နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆုများရှင် ဦးကျော်မင်းခန့်က ပတ္တလားတူရိယာ၊ ရွှေတံဆိပ်ဆုရှင် မောင်စန်းပြည့်လင်းက စန္ဒယားတူရိယာတီးခတ်၍ သရုပ်ဆောင်မင်းသမီး တေးတံရှင်မျိုးမေတို့က “နှလုံးသားကိုအလှဆင်ပါ” သီချင်းတို့ဖြင့်လည်းကောင်း အသီးသီးကပြသီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း)ခရိုင်ပြိုင်ပွဲကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် စုစုပေါင်း (၁၀၁)ဦးက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ဇွဲထက်ကို 

#Myanmar #News

မူရင်းသတင်း — Myanmar National Post