Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

















နေပြည်တော်၊ စက်တင်ဘာ ၅

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ နောင်ဝယ်ကျေးရွာတွင် ကောင်းမြန်မာနို့စားနွားမွေးမြူရေးသမဝါယမလီမိတက်၏ နို့စားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုရာ အသင်းတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အစုအဖွဲ့ သမဝါယမ စနစ်ဆောင်ရွက်နေသော လုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးပါသည်။

 ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနနှင့်နည်းပညာဗဟိုဌာနခြံသို့သွားရောက်လေ့လာခဲ့ပြီး ပိုးစာစိုက်ပျိုးသောတောင်သူ များမှာ ပိုးချည်းစက်ရုံကုန်ကြမ်းရရှိရေးအတွက် အရေးကြီးကြောင်း၊ ပိုးစာစိုက်ပျိုးတောင်သူများကို အစု အဖွဲ့စနစ် သမဝါယမစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မျိုး၊ သွင်းအားစုထောက်ပံ့ပေးခြင်းကို သမဝါယမကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ပိုးချည်၊ ပိုးစာရွက်၊ ပိုးစာသီးအခြေခံ  Value Added ထုတ်ကုန်များ ထုတ်လုပ်မှု့တွင် နည်းပညာပေးခြင်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြီး ပိုးစာစိုက်တောင်သူ များ၏ တင်ပြမှု့များအပေါ်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာငါးရွာရှိ အိမ်ခြေ ၈၂၀ အိမ်၊ လူဦးရေ ၂၈၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် ပြင်ဦးလွင်မြို့ရှောင် လမ်းမှ နောင်လှိုင်ကျေးရွာ ဆက်သွယ်သောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုခြင်း ကြောင့် လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ကြီးကိုင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)မှ အတိုးရငွေ၊ ကျေးရွာပြည်သူထည့်ငွေတို့ဖြင့် ကျေးရွာတွင်း လမ်းအား ကတ္တရာလမ်းအဖြစ်  အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော သံဂဟေဆက်သင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားများအနက်မှ ကိုယ်ပိုင် လုပ်ငန်းထူထောင်ဆောင်ရွက်နေသော “အောင်အောင်” သံပန်း၊ သံတံခါး လုပ်ငန်းဆောင်ရွက်နေမှု များအားလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူ များအနေဖြင့် မိမိတို့ကျေးရွာ၌ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)သို့ သွားရောက်ပြီး သင်တန်းကျောင်း ခန်းမ၌ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာ သင်တန်းကျောင်းအုပ်ကြီးက  သင်တန်း ကျောင်းဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သင်တန်းကျောင်းအနေဖြင့် သင်တန်းနည်းပြများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပညာရေးကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းဆင်းပါက အလုပ်အကိုင်အခွင့်လမ်းရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများမှလည်း ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားပြီး ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post