Myanmar National Post

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ တန်ခိုးကြီး စေတီ၊ ပုထိုးများအနီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ







မော်လမြိုင်၊ စက်တင်ဘာ ၅

မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ သမိုင်းဝင်တန်ခိုးကြီး စေတီ၊ ပုထိုးများ တည်ထားကိုးကွယ်ရာနေရာများတွင် ဘုရားဖူးပြည်သူများနှင့် ခရီးသွားဧည့်သည်များ အေးချမ်းသာယာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းတစ်လျှောက်နှင့် တန်ခိုးကြီး စေတီ၊ ပုထိုးများ အနီး ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်များနှင့် အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ရိုးတန်းလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်‌ဆေးပြီး ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်လေ့ရှိသည့်အတွက် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုနှင့် သာယာလှပမှုရှိစေရေး အစဉ်တစိုက် ဂရုပြုဆောင်ရွက်ကြရန် မှာကြား၍ တောင်ရိုးတန်းလမ်းတစ်လျှောက် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးနှင် သာယာလှပရေးအတွက် စနစ်တကျ သန့်ရှင်းရေး ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈) (၈/၂၀၂၆) သို့တက်ရောက်ရန် မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွပူးပေါင်း၍ နိုင်ငံတော်အပါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈) (၈/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာ၊ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တူညီဝတ်စုံများပေးအပ်ခဲ့ပြီး ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍  အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ 

#News #Myanmar

မူရင်းသတင်း — Myanmar National Post