
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
၁။ စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏အကျိုးကို ဆောင်ရွက်ပေးရန် အတွက် Embassy of the Republic of the Union of Myanmar အမည်ဖြင့် သံရုံး၏ Website ကိုအသုံးပြု၍ မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားအချို့သည် Website အသုံးပြုမှုနည်းပါးကာ Facebook အသုံးပြုသူ ပိုမိုများပြား သည့်အတွက် အချိန်နှင့်တပြေးညီ ကြေညာချက်များကိုသိရှိစေရန် Myanmar Embassy, Singapore အမည်ဖြင့် Facebook Account ဖွင့်လှစ်၍ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းစာရင်းကြေညာပေးခြင်း၊ ကျောင်းနေကလေးများအတွက် စာမေးပွဲရက်ကြေညာခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်း၊ နိုင်ငံသားများ၏ပျောက်ဆုံးပစ္စည်းလက်ခံရရှိမှုအား ကြေညာပေးခြင်း နှင့် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် မြန်မာနိုင်ငံသံရုံး၏ တရားဝင် Facebook စာမျက်နှာများဖြစ်သော “Myanmar Embassy, Singapore” နှင့် “မြန်မာသံရုံး၊ စင်ကာပူမြို့” တို့အား မလိုလားသူအချို့၏ နှောက်ယှက်မှု များကြောင့် စက်တင်ဘာ ၂ ရက်မှစ၍ မြန်မာသံရုံးအနေဖြင့် အဆိုပါ Facebook စာမျက်နှာများကို အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာသံရုံးအနေဖြင့် သံရုံး၏ Website "Embassy of the Republic of the Union of Myanmar & Telegram Channel "Myanmar Embassy in Singapore" တို့ကိုသာလျှင် အသုံးပြု၍ သတင်းအချက်အလက်ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် Facebook အသုံးပြုမှုများအားလုံးကို သံရုံးမှရပ်ဆိုင်းထားကြောင်း၊ သို့ဖြစ်၍ မြန်မာ နိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးအသွင်ယူ၍ လိမ်လည်ဖွင့်လှစ်ထားသော အခြားအင်တာနက်စာမျက်နှာများကို သတိပြုရှောင်ရှားနိုင်စေရန် အသိပေးကြေညာကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအတွက် အသုံးပြုလျက်ရှိသော Telegram channel နှင့် Website တို့အား သိသာစေရန်ပူးတွဲဖော်ပြထားပြီး မြန်မာသံရုံး၏ Facebook စာမျက်နှာများအား ပြန်လည် အသုံးပြုပါက ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။