Eleven Media Group

ပြေးဆွဲမှု တစ်နှစ်ကျော် ရပ်နားခဲ့ရသည့် ရန်ကုန်-ပုဂံ ရထားလမ်းပိုင်း (အနောက်ဘက်လမ်းပိုင်း) ကို ယခင် ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲမည်

ပြေးဆွဲမှုရပ်နားထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော ရန်ကုန်-အောင်လံ-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်း (အနောက်ဘက်လမ်းပိုင်း) ကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ယခင် ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန့်မာ့မီးရထား၏ကြေညာချက်အရ သိရသည်။

အဆိုပါ ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်းမှာ ပြီးခဲ့သော ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက ပြည်-ပုဂံ ရထားလမ်းပိုင်း (ဝက္ကသေးရွာအနီး) ရှိ ရန်ပယ်ချောင်းတံတား ရေလယ်တိုင် အမှတ် ၂ နှင့် အမှတ် ၃ တို့ နိမ့်ကျမှုဖြစ်ပွားခြင်းကြောင့် ရထားများဖြတ်သန်းသွားလာရန် အဆင်မပြေတော့သဖြင့် ရန်ကုန်-အောင်လံ-တောင်တွင်းကြီး-ပုဂံရထားလမ်းပိုင်းတစ်လျှောက် တိုက်ရိုက်ပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ၎င်းခရီးစဉ်အတွက် ၂၀၂၅ အောက်တိုဘာ ၂၁ ရက်တွင် ရထားလမ်းကြောင်းပြောင်းလဲပြီး ရန်ကုန်-ပျဉ်းမနား–ပုဂံ ခရီးစဉ်အဖြစ် (အရှေ့ဘက်လမ်းပိုင်း) တွင် လက်ရှိအချိန်အထိ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ရန်ပယ်ချောင်းတံတားကို ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ရန်ကုန်-ပုဂံ မီးရထားခရီးစဉ်အတွက် အောက်တိုဘာ ၂၃ ရက်မှစတင်၍ မူလ ရန်ကုန်-အောင်လံ-ပုဂံလမ်းကြောင်း (အနောက်ဘက်လမ်းပိုင်း) အတိုင်း အမှတ် ၆၁ အဆန်နှင့် အမှတ် ၆၂ အစုန် ခရီးသည်စီးအမြန်ရထား ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အမှတ် ၆၁ အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အမှတ် ၆၂ အစုန် အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး နောက်တစ်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ပုဂံ လူစီးအမြန်ရထားခရီးစဉ်တစ်လျှောက် ကြားဘူတာများဖြစ်သည့် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ပြည် (ရွှေတံခါး)၊ အောင်လံ၊ ဆတ်သွား၊ တောင်းတွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည် စသည့်ဘူတာများတွင် ရပ်တန့်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group