
မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ဝန်ကြီးအိမ်ယာအနီးရှိ GPS KTV တွင် Happy Water နှင့် Ketamine (K) များလာရောက်ရောင်းချပေးသူများအား ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၊ ည ၉ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းမှ ဘာမန် - ကလျာဏဝံသဘုန်းကြီးကျောင်းဘက်သို့ လမ်းလျှောက်လာသူ အသက် (၂၂) နှစ်အရွယ် ဆွေဇင်မြင့် ဆိုသူအား မူးယစ်ဆေးဝါးသတင်းများအရ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ၎င်း၏ညာဘက်လက်တွင်ကိုင်ဆောင်ထားသည့် Mivora စာသားပါငွေရောင်ပိုက်ဆံအိတ် အတွင်းမှ Happy Water ဟုယူဆရသော ပန်းရောင်အမှုန့်များပါရှိသည့် RC စသားပါ အဖြူရောင် အထုပ်တစ်ထုပ်လျှင် (၇) ဂရမ်ပါ (၃) ထုပ်၊ မူးယစ်ဆေးဝါး Ketamine (K) ဟုယူဆရသော အဖြူရောင်အမှုန့်များပါသည့် အဖြူရောင်ကပ်ခွာအိတ် (၃) ထုပ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ဆွေဇင်မြင့် ဆိုသူအားစစ်ဆေးမေးမြန်းရာ ထို Happy Water နှင့် Ketamine (K) များအား မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် နေထိုင်သူ ကိုမောင် (ခ) ဧရာထွန်း ဆိုသူထံမှ ငွေကျပ် သိန်း (၃၀) နှင့် (၅) သောင်းကျပ်ဖြင့် ဝယ်ယူရရှိထားသော မူးယစ်ဆေးဝါးများ ဖြစ်သည်ဟု ထွက်ဆိုသဖြင့် ဆွေဇင်မြင့် မှတဆင့် ကိုမောင် (ခ) ဧရာထွန်းအား ဆက်သွယ်၍ မူးယစ်ဆေးဝါးများ ထပ်မံဝယ်ယူလိုသည့်အတွက် GPS KTV အရှေ့သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။
“ကိုမောင် (ခ) ဧရာထွန်း GPS KTV အရှေ့ကို ဆိုင်ကယ်နဲ့ ရောက်လာတဲ့အချိန်မှာ ရဲတပ်ဖွဲ့က စစ်ဆေးမှုလုပ်ဆောင်ဖို့ တားဆီးတဲ့အချိန်မှာ ဆိုင်ကယ်ကိုမောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ ကိုမောင် (ခ) ဧရာထွန်း ကို ငန်းတေးရပ်ကွက်၊ ဝန်ကြီးအိမ်ယာမီးပွိုင့်အကျော် မော်လမြိုင် - ကျိုက်မရောကားလမ်းမှာ တားဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ကိုမောင် (ခ) ဧရာထွန်း အားစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း၊ ၎င်း၏ ဘယ်ဘက်လက်အတွင်းမှ ဆွေဇင်မြင့် နှင့်ဆက်သွယ်ထားသည့် IPhone 17 Pro Max ဖုန်းတစ်လုံး၊ ဆိုင်ကယ်ဘောက်အတွင်း၌ မူးယစ်ဆေးဝါး ရောင်းချရရှိငွေဟု ယူဆရသော ငွေကျပ်ဆယ်သိန်းကျော်အား ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး Happy Water နှင့် Ketamine (K) များသုံးစွဲရောင်းချရန် အလို့ငှာလက်ဝယ်တွေ့ရှိသူ ဆွေဇင်မြင့် နှင့် ကိုမောင် (ခ) ဧရာထွန်း တို့နှစ်ဦးအား မြိုင်သာယာနယ်မြေရဲစခန်းတွင် မူးယစ်စိတ်ပြောင်း ဥပဒေပုဒ်မ - ၁၉ (က)/၂၀ (က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။