
ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲသည့် အမှတ် (၈) အစုန် DEMU ရထားတွဲဆိုင်း ခဲဖြင့်ပစ်ပေါက်ခံရပြီး မှန်ကွဲအက်မှုဖြစ်ပေါ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီး ခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ စက်တင်ဘာ ၄ ရက်ညပိုင်းတွင် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ခရီးဆုံးဘူတာဖြစ်သည့် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီး ရထားတွဲဆိုင်းအား သိမ်းယူရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရထားထွက်ခွာစဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သော ပထမတန်းတွဲ DEMU F-4030 တွဲ၏ ခုံအမှတ် 3A, 3 B နှင့် 4 A, 4 B အကြား ပြတင်းတံခါးဘေးလေကာမှန် ၂ လက်မခန့် ပေါက်ထွက်သွားပြီး မှန်ကြေမွကွဲအက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် အမှတ် (၈) အစုန်ရထားခရီးဆုံးဘူတာသို့ ရောက်ရှိပြီး ရထားသိမ်းရန် မိခင်စက်ရုံသို့ ထွက်ခွာမောင်းနှင်စဉ် ဖြစ်ပွားခဲ့သဖြင့် စက်ခေါင်းမောင်းနှင့် စက်မှုစက်ပြင်အဖွဲ့သာပါရှိခဲ့ပြီး စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိမှသာ သိရှိခဲ့ရသဖြင့် တရားခံဖမ်းဆီးရမိရေးနှင့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာ အင်းစိန်နယ်မြေရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ ၂၀ နှစ်အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကို လည်းချမှတ်နိုင်ကြောင်း သိရှိရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သိရသည်။