Eleven Media Group

မန္တလေးမြို့တွင်  နံနက်ခင်း အိမ်ရှေ့ဆွမ်းလောင်းနေသူ ရဲအရာရှိ၏ဇနီးဖြစ်သူ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး လုယက်ခံရမှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆ရလမ်းနှင့်၆၈လမ်းကြားရှိ နေအိမ်ရှေ့တွင် ဆွမ်းလောင်းနေသူ ရဲအရာရှိ၏ဇနီးဖြစ်သူ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး လုယက်ခံရမှု စက်တင်ဘာလ ၅ရက် နံနက်ရနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လမ်း၃၀၊ ၆ရလမ်းနှင့်၆၈လမ်းကြားရှိ နေအိမ်ရှေ့တွင် ဒုတိယရဲမှူးတစ်ဦး၏ဇနီးဖြစ်သူသည် နံနက်တိုင်းပုံမှန်ဆွမ်းလောင်းလေ့ရှိသူဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က ဆွမ်းလောင်းပြီးနောက် အိမ်ထဲဝင်စဉ် လည်ပင်း၌ဆွဲထားသော ရွှေဆွဲကြိုးအား ဆိုင်ကယ်ဖြင့်လူတစ်ယောက်က အိမ်ထဲထိဝင်ကာ လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

"ဆွမ်းလောင်းပြီး အိမ်ထဲအဝင်မှာ လုခံလိုက်ရတာ။ မနက်ခင်းအစော ဆွမ်းလောင်းချိန်ဆိုတော့ လူလည်းရှင်းနေတာ အခွင့်ကောင်းယူပြီး စောင့်ကြည့်ကျုးလွန်သွားပုံရပါတယ်။ လမ်းမျက်နှာချင်းဆိုင် တိုင်းရဲအကူတပ်ခွဲဘက်က ဆွမ်းလောင်းနေတဲ့လူတွေလည်းရှိတော့ ဖြစ်ဖြစ်ချင်း ၀ိုင်းအော်ကြတာပဲ။ ဆိုင်ကယ်နဲ့မောင်းပြီး ပြေးသွားတာ။ရွှေကတော့ ၃ကျပ်သားလောက်ရှိမယ်ထင်တယ်" ဟု အဆိုပါဖြစ်စဉ်ဖြစ်ပွားရာအနီးနေထိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါရွှေဆွဲကြိုးလုယက်ခံရမှုနှင့်ပတ်သက်ပြီး အမှတ်(၃)နယ်​မြေရဲစခန်းတွင်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိ​သည်ဟုလည်း သိရသည်။

ဇူလိုင်လ ၈ရက်ကလည်း ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၄လမ်းနှင့်၆၅လမ်းကြားရှိ အစိုးရဝန်ထမ်းလိုင်းခန်းတစ်ခုဖြစ်သည့် နေအိမ်တစ်ခုရှေ့တွင်ရပ်ထားသည့် M Size specialized rockhopper အမျိုးအစား ကျပ်သိန်းလေးဆယ်ခန့် တန်ဖိုးရှိ စက်ဘီး ခိုးခံရမှုဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Eleven Media Group