
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အခြေခံပညာရေးသင်ရိုးညွန်းတမ်းကို ဒေသခံအများစု၏ သဘောဆန္ဒ မပါဘဲ ရခိုင်ဘာသာစာဖြင့် AA အဖွဲ့က သင်ကြားရန်ပြဌာန်းခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး၊ ရှေးအစဉ်အဆက် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းမျိုးနွယ်စုဝင်များ စုစည်းနေထိုင်ရာအချုပ်အခြာနယ်မြေ ဒေသတစ်ခု ဖြစ်ကြောင်း၊ ၂ဝ၂၄ ခုနှစ် ဇန်ဝါရီလတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ULA/AA က သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လာသည်နှင့်အမျှ ယခုအခါ အခြေခံပညာရေး သင်ရိုးညွန်းတမ်းကို ရခိုင်ဘာသာစာ(စကား)ဖြင့် ပြဌာန်း၍ ဒေသခံ ချင်းပြည်သူများ၏ သဘောဆန္ဒမပါဘဲ အတင်းဓမ္မ သင်ကြားစေသည်ကို စိတ်မကောင်းစွာကြားသိရကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဒေသခံပြည်သူအများစု၏သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်းလူနည်းစုတစ်ခု၏ ဘာသာစကားတစ်ခု ဖြစ်သော ရခိုင်ဘာသာစာ(စကား)ဖြင့် ပညာရေး သင်ရိုးညွန်းတမ်းကို ပြဌာန်း၍ သင်ကြားစေခြင်းသည် ပလက်ဝ မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင် ပြုရာရောက်သကဲ့သို့ ဒေသခံ တိုင်းရင်း လူမျိုးများ အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်းက ဆိုသည်။
ထို့ပြင် ဒေသခံပြည်သူအများစု၏ သဘောဆန္ဒမပါဘဲ မိမိတို့၏ အလိုကျ အတင်းအဓမ္မလုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်သဖြင့် ULA/AA ၏လုပ်ရပ်အပေါ် ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (Global Khumi Organization) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။