Eleven Media Group

လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို ပြန်ဖွင့်

လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို အောက်တိုဘာ၅ ရက်နေ့က ပြန်ဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းလမ်းပိုင်းတွင် အင်းတော်မြို့နယ်အတွင်းပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မော်လူးမြို့ တပ်စခန်းအား လက်နက်ကိုင်အဖွဲ့များက အတက်အဆင်းကားများကို မဖြတ်စေဘဲ ကွင်းလမ်းများက သွားစေရန်လနှင့်ချီပိတ်ထားခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်လာသည့် ကားသမားတစ်ဦးက '' အခုက အရှေ့လမ်းပွင့်တာဗျ။ကသာ-ငအိုး-မန္တလေး ကားလမ်းပေါ့။ လမ်းမှာ ဆင်နဲ့ဆွဲတယ်။ထွန်စက်ဆွဲတယ်။ လှည်းနဲ့သယ်ကြတယ်။ကျနော်က တစ်လကျော်ကျော်လေးပဲနေခဲ့ရတယ်။ကားလည်း ရစရာမရှိဘူး။လမ်းက ပိတ်စရာမလိုပါဘူး။ တပ်နဲ့ကားသမားတွေနဲ့လည်း ဘာမှမဆိုင်ပါဘူး။တိုက်ပွဲဖြစ်တုန်း ပိတ်ရင် ရသားပဲ။ သိန်းကို ဆယ်ချီကုန်တယ်။ပြင်ရတာ။ထမင်းထုတ်တွေလည်း တစ်ထုပ် ကြက်ဥပြုတ်နဲ့ ရှစ်ထောင်၊တစ်သောင်း ငရဲကျတဲ့အတိုင်းပဲ''ဟု ဆိုသည်။

မြစ်ကြီးနားသို့ အဓိက သွားလာနေသည့် မန္တလေး-မတ္တရာ-တကောင်းထီးချိုင့်-ကသာ-မိုးညှင်း -မိုးကောင်း -မြစ်ကြီးနားလမ်းပိုင်းနှင့်မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်း-ဘော-နန့်သဲ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းများတွင် ကွင်းလမ်းခရီး သွားနေရမှုကြောင့် လမ်းပိုင်းများ ပျက်စီးကာ လမ်းပိတ်မှု ဇွန်လကုန်ပိုင်းကတည်းဖြစ်ခဲ့ခြင်းဖြစ်သည်။

အနောက်လမ်းပိုင်းတွင် မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်း-ဘော-နန့်သဲကျေးရွာအထိလမ်းပိုင်းများ သွားလာနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး-မြစ်ကြီးနားကားခမှာ ပါဂျဲရိုး၊ဖိုးဝှီးကားခမှာ ခုနှစ်သိန်းဝန်းကျင်မှ ငါးသိန်းအထိလည်းကောင်း၊ အေဒီဘင်ကားနိမ့်များမှာ ခြောက်သိန်းကျပ်မှ ငါးသိန်းဝန်းကျင်အထိ ရှိနေကြောင်း၊ကားဂိတ် တစ်ခုနှင့် တစ်ခု တူညီမှုမရှိကြောင်း စုံးစမ်းသိရှိရသည်။

ကားသမားအများစုက ကွင်းလမ်းကိစ္စမှာ လက်နက်ကိုင်အဖွဲ့များ၏ငွေကောက်ရန် အကြောင်းပြချက်သာ ဖြစ်ပြီး ပြည်သူများ ကုန်စည်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုသာ ဖြစ်စေသည့် အဓိကအကြောင်းတရား ဖြစ်နေကြောင်း ဝေဖန်ကြသည်။

'' ကျောက်တန်းကွင်းလမ်းလည်း တိုက်ပွဲလည်းမဖြစ်။ တစ်ချို့ရွာတွေကဆို ဟိုဘက် တပ်စခန်းတွေကို လှမ်းမြင်နေရတာ။တိုက်ပွဲတွေ ဖြစ်နေတာလည်းမဟုတ်ဘူး။အဓိပ္ပါယ် မရှိတဲ့လုပ်ရပ်တွေ အဖြစ်ပဲ မြင်နေကြတယ်''ဟု ဆိုသည်။မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသည် မိုင်ပေါင်း ၃၅၀ ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ရထားလမ်းပိုင်းများ အားလုံးရပ်နားခဲ့ရသည်။ကားလမ်းပိုင်းမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်းဒေသတွင်း လက်နက်ကိုင် အဖွဲ့များ၏ ညွန်ကြားထားသည့် ကွင်းလမ်းခရီးများကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေကြရခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group