
အောက်တိုဘာ - ၂၂
နယူးဒေလီမြို့မှာ အငြင်းပွားဖွယ်ရာ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန်မှာ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့မှာဖော်ပြနေတဲ့ အကြောင်းအရာတွေက တစ်ဖက်သတ်ဆန်ဆန်နဲ့ ဆန္ဒပြသမားတွေဘက်ကို အဓိက မြှင့်တင်ပေးနေတယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် အဲဒီစနစ်ကို ပြန်လည်သုံးသပ်ဖို့ အိန္ဒိနိုင်ငံအစိုးရက ဖေ့စ်ဘုတ်မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာကုမ္ပဏီကို တောင်းဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MeitY) ရဲ့ ညွှန်ကြားချက်အရ အသုံးပြုသူတွေကို လမ်းကြောင်းလွဲစေတဲ့၊ အတုအယောင်လုပ်ထားတဲ့ ဒါမှမဟုတ် အခြေအနေမှန်နဲ့ ကင်းကွာနေတဲ့ အချက်အလက်တွေ အကြိမ်ကြိမ် မပေါ်လာအောင် အကြောင်းအရာ အဆင့်သတ်မှတ်မှု စနစ်တွေကို ပြောင်းလဲပေးဖို့ တောင်းဆိုထားတယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီစာရွက်စာတမ်းကို လေ့လာသုံးသပ်ပြီးနောက် PTI သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
မက်တာ ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်ပေးဖို့နဲ့ ဘယ်လိုအစီအမံတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အစိုးရထံ အကြောင်းကြားဖို့ တောင်းဆိုထားပါတယ်။
ဒီညွှန်ကြားချက်ဟာ နိုင်ငံတစ်ဝန်း မဲစာရင်းပြန်လည်စစ်ဆေးမှုအပေါ် ကန့်ကွက်ပြီး ရွေးကောက်ပွဲ ကော်မရှင်နာချုပ် ဂွာနက်ရှ်ကူမား ရာထူးကနေ နုတ်ထွက်ပေးဖို့ လူငယ်ဦးဆောင်တဲ့ ပိုးဟတ်ဂျန်တာပါတီ (CJP) နဲ့ အတိုက်အခံပါတီတွေ ဆန္ဒပြနေကြတဲ့ အချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရားဝင် မဲစာရင်းတွေ ပယ်ချခံခဲ့ရပြီး ဒီလုပ်ရပ်ဟာ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီရဲ့ အာဏာရ ဘာတီယာ ဂျာနာတာပါတီ (BJP) ကို အကျိုးအမြတ် ဖြစ်ထွန်းစေတယ်လို့ အတိုက်အခံ အုပ်စုတွေက စွပ်စွဲထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ BJP ပါတီကတော့ မဲစာရင်းတွေကို အတုအယောင် လုပ်တာ မရှိကြောင်း ငြင်းဆိုထားပါတယ်။ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်မှာတော့ ဘယ်ဆန္ဒပြပွဲကို ဦးတည်ပြီး ထုတ်ပြန်တာလဲဆိုတာကို အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။
လူမှုကွန်ယက် အသုံးပြုသူတွေအနေနဲ့ 'တစ်ခုတည်းသော ဒါမှမဟုတ် ကန့်သတ်ထားတဲ့ ဇာတ်ကြောင်းအစုအဝေး' တစ်ခုတည်းကိုသာ အလွန်အကျွံ မြင်တွေ့နေရတာမျိုး မဖြစ်အောင် တားဆီးပေးဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် စုံလင်ကွဲပြားမှုကို သေချာလုပ်ဆောင်ပေးဖို့ အဆိုပါ စာရွက်စာတမ်းမှာ တောင်းဆိုထားပါတယ်။
REF: RT
#News #Myanmar