Eleven Media Group

အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတို့သည် အာဆီယံအဖွဲ့အတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို့ မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတို့သည် အာဆီယံအဖွဲ့အတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်

နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အာဆီယံအတွက် မည်သို့သော အကျိုးသက်ရောက်မှုရှိမလဲဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အခုနောက်ဆုံး တီမော ပါဆိုရင် (၁၁)နိုင်ငံ၊ ကျွန်မတို့နိုင်ငံ မပါဘူးဆိုရင် (၁၀)နိုင်ငံပေါ့။ (၁၀)နိုင်ငံမှာ လာအို ရယ်၊ ထိုင်း ရယ်၊ အခု ဗီယက်နမ် ရယ်၊ သုံးနိုင်ငံ သွားရောက်ပြီးပါပြီ။ နောက် မကြာခင်မှာပဲ ကမ္ဘောဒီးယားနိုင်ငံကို သွားမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို သွားဖို့အတွက် အစီအစဉ် ရှိပါတယ်။ အဲ့တော့ ကျွန်မတို့သည် အာဆီယံအဖွဲ့အတွင်းမှာ ဒါက ထိတွေ့ဆက်ဆံမှုတွေ တဖြည်းဖြည်း တိုးမြှင့်လာတာ ဖြစ်ပါတယ်။ အဲ့တော့ ဒီခရီးစဉ်က ကျွန်မတို့ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှု တိုးမြှင့်တာတင်သာ မဟုတ်ဘဲနဲ့ ဒါက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်တာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

ထို့ပြင် အဆိုပါခရီးစဉ်သည် ဗီယက်နမ်နိုင်ငံနှင့် မိမိတို့ နိုင်ငံအကြား ပွင့်လင်းစွာဖြင့် အဆင့်မြင့် ပွင့်ပွင့်လင်းလင်းနှင့် ဆက်ဆံသည့်ပွဲတစ်ခုဟု ပြော၍ရသလို ယင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ထိတွေ့ဆက်ဆံမှုကို တစ်ဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

ဗီယက်နမ်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွက် စီးပွါးရေး ကုန်သွယ်ရေး မည်သို့သော အကျိုးကျေးဇူးများ ဆောင်ရွက်နိုင်ခဲ့ပါသလဲဆိုသည့် မေးမြန်းမှုကို “ ကျွန်မတို့ ဒီနေ့ မနက်ပါပဲ စီးပွါးရေးဖိုရမ် လုပ်ခဲ့ပါတယ်။ စီးပွါးရေးဖိုရမ်မှာဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဘက်က စီးပွါးရေးလုပ်ငန်းရှင်၊ ဗီယက်နမ်နိုင်ငံဘက်က စီးပွါးရေးလုပ်ငန်းရှင် (၆၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီဖိုရမ်မှာပဲ သမ္မတကြီးက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပြောတဲ့အခါမှာလည်း ကျွန်မတို့ မြန်မာနိုင်ငံဘက်က လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့်၊ ကုန်သွယ်မှု တိုးမြှင့်မယ့် ကိစ္စတွေမှာ ကျွန်မတို့ဘက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ နောက်တစ်ခါ ကျွန်မတို့နိုင်ငံကနေပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းက ပြန်လည်ထွက်ခွါသွားတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ သူတို့ကရော ဘာကြောင့် ပြန်ပြီးထွက်ခွါသွားတာလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိလဲ။ ဘာအကန့်အသက်တွေ ရှိလဲ။ ကျွန်မတို့ ဘာတွေပြန်ပြီးတော့ ဖြေလျော့ပေးရမလဲ။ ဒါတွေအကုန်လုံးကိုလည်း နိုင်ငံတော်သမ္မတကြီးက ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ဘက်က ဘာတွေ ဆောင်ရွက်ပေးရမလဲ။ အဲ့တော့ ဒီနေရာမှာ သတင်းကောင်းကြားခဲ့ရတာက ကျွန်မတို့နိုင်ငံကနေပြီးတော့ ထွက်ခွါသွားတဲ့ အရင်စီးပွါးရေးလုပ်ငန်းရှင်တွေပေါ့၊ သူတို့ကလည်း ပြန်လာဖို့အတွက်ကို စိတ်ဝင်စားကြောင်း၊ မေးမြန်းနေကြကြောင်း ကျွန်မတို့ သတင်းကောင်းတွေ ကြားခဲ့ရပါတယ်။ နောက်ထပ် ထပ်ပြီးတော့မှ လာချင်တဲ့၊ ရင်းနှီးမြှုပ်နှံချင်တဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ဆိုရင် MoU (၇)ခု၊ ဒါတော့ B to B MoU (၇)ခုကို ထိုးနိုင်ခဲ့ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် စီးပွါးရေးဖိုရမ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး၊ Digital Transformation ၊ ဓာတ်သတ္တု တူးဖော်ရေး၊ စွမ်းအင်ကဏ္ဍ စသည့်ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများကို အတိအလင်း ချပြသွားပါကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

အထက်ပါကိစ္စရပ်များတွင်လည်း ဆုံးဖြတ်ပြီးသားဖြစ်သည့် အနေအထားများကို တွေ့ရခြင်းကြောင့် မိမိတို့ နှစ်နိုင်ငံ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအတွက်ကို ဝမ်းမြောက်ဖွယ် သတင်းကောင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group