
■စီးပွားရေးအရ အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခဲ့သလို (၂)နှစ်တာ သံတမန် အချိန်ဇယားလည်း ပေါ်ထွက် လာခဲ့ခြင်းကြောင့် မိမိတို့ နိုင်ငံသားများ အကျိုးကို လက်တွေ့ဖော်ဆောင်နိုင်မည့် လမ်းကြောင်းလည်း ရရှိခဲ့ဟုဆို
ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံနှင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံခဲ့ခြင်းကြောင့် နိုင်ငံရေးနှင့် သံတမန်ရေးအရ အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်တွင် အဓိကရရှိခဲ့သည့် ရလဒ်များနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်မတို့ ဗီယက်နမ်ခရီးစဉ် အဓိက ရလဒ်ကတော့ သုံးချက်ပါပဲ။ နံပတ်တစ်ကတော့ ရှိရင်းစွဲ ရှိပြီးသား ချစ်ကြည်ခင်ရင်းနှီးမှု၊ ယုံကြည်မှု အဲ့တာကို ပိုပြီးတော့ ခိုင်မာအောင် လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ စီးပွားရေး အခွင့်အလမ်းပါ၊ ကျွန်မတို့ နှစ်ဖက် သေသေချာချာ ဆွေးနွေးခဲ့တယ်။ ရနိုင်မယ့် အနေအထားတွေ၊ ပူးပေါင်းဆောင်ရွက်ရင် ရရှိနိုင်မယ့် အကျိုးအမြတ်တွေ၊ ဒါ Win-Win Situation ။ နောက်တစ်ခုကတော့ ဒေသတွင်း၊ နောက်တစ်ခါ ကမ္ဘာ့မျက်နှာစာမှာ အပြန်အလှန် ထောက်ပံ့မယ်၊ ကူညီမယ်၊ အားပေးမယ်။ အဲ့တော့ ဗီယက်နမ် ဘက်ကလည်း ကျွန်မတို့ဘက်ကို အာဆီယံမျက်နှာစာမှာရော၊ ကမ္ဘာ့မျက်နှာစာမှာရော အပြည့်အဝ ကျွန်မတို့ရဲ့ ရပ်တည်ချက်ကို ထောက်ခံပါတယ်ဆိုပြီး ပြောခဲ့တယ်။ ကျွန်မတို့ ဘက်ကလည်း ဗီယက်နမ်ကို အပြည့်အဝ ထောက်ခံသွားမယ်။ အဲ့တော့ ကျွန်မတို့ နိုင်ငံရေးအရ သံတမန်ရေးအရ စီးပွားရေးအရ အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောနိုင်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် မိမိတို့နှစ်နိုင်ငံ ရှိရင်းစွဲချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်မှုများကို ပိုမိုခိုင်မာစေခဲ့သလို စီးပွားရေးအရ အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က “ နောက်တစ်ချက်ကတော့ ကျွန်မတို့ (၂)နှစ်တာ သံတမန် အချိန်ဇယား၊ အဲ့တာက ပေါ်ထွက်လာခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ ဘာတွေ ဆောင်ရွက်မယ်၊ ဒါတွေရဲ့ ရလဒ်တွေ အားလုံးသည် ကျွန်မတို့ ပြည်သူ ပြည်သားတွေအတွက် အကျိုးကို လက်တွေ့ဖော်ဆောင်ဖို့ ဘာတွေဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်း ကျွန်မတို့ ရခဲ့ပါတယ်” ဟု ပြောကြားသည်။
ဗီယက်နမ်နိုင်ငံသည် အရှေ့အာရှ၊ အာရှအရေးခြမ်း ပစိဖိတ်သမုဒ္ဒရာများနှင့် အဆက်အသွယ်ရှိသလို ကျွန်မတို့နိုင်ငံသည်လည်း အနောက်အာရှ၊ အာရှ၏ အနောက်ဘက်ခြမ်း၊ တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှစ်ခု ရှိနေခြင်းကြောင့် နှစ်နိုင်ငံအကြား ချိတ်ဆက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
“ အဲ့တော့ ဒီနှစ်နိုင်ငံကို ကျွန်မတို့က ချိတ်ဆက်မယ်၊ နဂိုကတည်းကလည်း လမ်းကြောင်းတွေ ရှိပြီးသားပါ။ ဗီယက်နမ်ကနေ လာအိုကို ရှိမယ်၊ လာအိုကနေ ထိုင်းကို ရှိမယ်၊ အဲ့ဒီကတစ်ဆင့် ကျွန်မတို့နိုင်ငံ၊ ရှိပြီးသား လမ်းကြောင်းတွေလည်း ရှိပါတယ်။ ထပ်ပြီးတော့ ဆက်သွယ်ရမယ့် လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့သာ ကျွန်မတို့ ဒါကို ချိတ်ဆက်နိုင်မယ်ဆိုရင် အာရှအရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကျွန်မတို့က ဆက်သွယ်ပေးနိုင်တဲ့ Transit Trade လုပ်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကို ကျွန်မတို့ သမ္မတကြီးကလည်း ဒီအနေအထားကို ဗီယက်နမ်သမ္မတကြီးကို မြေပုံနဲ့တကွ အသေအချာ ရှင်းလင်းပြီးတော့ ဆွေးနွေးခဲ့ပါတယ်၊ ချပြခဲ့ပါတယ်။ ဗီယက်နမ်သမ္မတကြီးကလည်း ဒါကို အလွန်စိတ်ဝင်စားပြီးတော့မှ Study တွေ လုပ်ပါ့မယ်၊ ဒါကို Research တွေ လုပ်ပါ့မယ်၊ ဒီလို ဆက်သွယ်ရေးလမ်းကြောင်းတွေ ပေါ်လာမယ်ဆိုရင် နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးရှိနိုင်မယ်ဆိုတာကို လေ့လာဖို့အတွက်ကို ကျွန်မတို့ အကြမ်းဖျင်း သဘောတူညီခဲ့ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။
အထက်ပါကိစ္စရပ်များသည် မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အဆိုပါလမ်းကြောင်းများဖောက်ထားခြင်းသည် မြန်မာ-ဗီယက်နမ် ဒီနှစ်နိုင်ငံ အတွက်သာမဟုတ်ပါဘဲ မိမိတို့ ဒေသတွင်းနိုင်ငံများ၊ နှစ်နိုင်ငံကြားမှာရှိသည့် နိုင်ငံများ၊ မဲခေါင်ဒေသ၊ အနောက်ခြမ်းနှင့် အရှေ့ခြမ်း စသည့် Regional ကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ဟု ပြောနိုင်ပါကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။