Eleven Media Group

■နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့်အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် ဖမ်းဆီးရမိ

နိုင်ငံခြားသားများပါဝင်သည့် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသူ ၂၈ဦးအား ဖုန်းအလုံးရေ ၆၀၀ ခန့် အပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်က ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မဟာအောင်​မြေမြို့နယ်၊ လမ်း၈၀၊ ၃၉လမ်းနှင့်လမ်း၄ဝကြားရှိ နေအိမ်တစ်ခုကို သတင်းအရ ဝင်ရောက်စစ်ဆေး ခဲ့ရာ တရုတ်နိုင်ငံသား၂ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦးနှင့် မြန်မာအပါအဝင် ၂၀ ဦးကို ဖုန်းအလုံးရေ ၈၀ ခန့်၊ Desktopကွန်ပြုတာ ၂၈ လုံး၊ Laptopများ၊ Wifiလွှင့်စက်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းတို့ကိုစစ်ဆေးချက်အရ မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၁၀၁ လမ်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးသို့ ဆက်လက်ရှာဖွေခဲ့ရာ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်း သိရသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ၄၂ လမ်းနှင့် ၆၆လမ်း အနီးရှိ ဟိုတယ်တစ်ခုသို့ ထပ်မံရှာဖွေခဲ့ရာ လူ ၆ ဦး၊ ဖုန်းအလုံးရေ ၄၉၈ လုံး၊ ကွန်ပြူတာအပါအဝင် ဆက်စပ်ပစ္စည်းမျိုးစုံ၊ ကျောက်စိမ်းပုတီး၊ လက်ကောက်၊ လက်ပတ်၊ ဦးတီပွား ရုပ်အပြားများ၊ ကျောက်စိမ်းအတုဟု ယူဆရသည့် ကျောက်စိမ်းဘယက်များ နှင့် လက်ဝတ်ရတနာတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

" သတင်းရရှိလို့ ကျွန်တော်တို့ ရောက်တဲ့အချိန် ပြေးဖို့ကားပေါ်ပစ္စည်းတွေ တင်ပြီးနေပြီ။ ပထမဆုံး လမ်း ၈၀ က အိမ်မှာ ကနဦးမိတယ်။ နောက်ဆက်တွဲ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဟိုတယ်ထဲက ကားပေါ်မှာ ဖုန်းအလုံးရေ ၅ဝဝနီးပါးနဲ့ ထပ်မိတယ်။ အဓိကတော့ အွန်လိုင်းလိမ်လည်မှုပေါ့။ မလေးရှားနဲ့ အင်ဒိုနီးရှားက သူတွေကို ကျောက်စိမ်း Live လွှင့်ပြီး လိမ်​ရောင်းခိုင်းတာ။ အကောင့်များစွာနဲ့ သူတို့လူတွေကပဲ ကွန့်မန့်တွေ ကနေ ဝင်ဝယ်ကြတယ်။ အဲလိုလိမ်ရာင်းပြီး ငွေလွှဲဝင်ရင် အကောင့်ကို ဘလော့တယ်။ မူးယစ်ဆေးဝါးတွေ လည်းတွေ့ရှိရလို့ ဆက်စပ်မှုတွေကို အသေးစိတ် စစ်ဆေးနေဆဲဖြစ်ပါတယ်" ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ထို့ကြောင့် ၎င်းတို့ကို မဟာအောင်​မြေမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးဖြင့်တွေ့ရှိခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း မူး/စိတ်/ပုဒ်မ ၁၆(ခ)အရသော် လည်းကောင်း၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group