Eleven Media Group

ထိုင်းနိုင်ငံက လစာနှင့် ခံစားခွင့် ဘတ် ၁၅၀၀၀ လစဉ်ပေးအပ်မည့် စေတနာ့ဝန်ထမ်း စစ်မှုထမ်းစနစ်ကို စတင်

ထိုင်းနိုင်ငံက လစာနှင့် ခံစားခွင့် ဘတ် ၁၅၀၀၀ လစဉ်ပေးအပ်မည့် စေတနာ့ဝန်ထမ်းစစ်မှုထမ်းစနစ်ကို စတင်ပြီဖြစ်ကြောင်း Khaosod English သတင်းတွင် ဖော်ပြထားသည်။

မဖြစ်မနေ စစ်မှုထမ်းရသည့် စနစ်ကို လျှော့ချရန် ရည်ရွယ်ပြီး မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းမည့် တပ်သားသစ်များကို ထိုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ စေတနာ့ဝန်ထမ်း စစ်မှုထမ်းများအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ လက်ခံဖွင့်လှစ်သွားမည်ဖြစ်သည်။

ပါဝင်လျှောက်ထားသူများသည် ဆေးဝါးကုသခွင့်၊ အသက်အာမခံ၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့မှု၊ စစ်ပညာသင်တန်း၊ ပညာရေးနှင့် သက်မွေးဝမ်းကျောင်း အတတ်ပညာများကိုပါ အကျိုးခံစားရရှိကြမည်ဖြစ်သည်။

ထို့အပြင် အဆိုပါ အစီအစဉ်သည် ကြည်းတပ်တွင် ပြန်တမ်းဝင်အရာရှိအဆင့်မဟုတ်သည့် အကြပ်သင်တန်းကျောင်းများအတွက် အထူးသီးသန့် ကိုတာများ ရရှိခြင်းနှင့် စစ်သားသစ် ရွေးချယ်ပွဲ စာမေးပွဲများတွင် အမှတ်ပိုများ ရရှိခြင်းအပါအဝင် စစ်တပ်အတွင်း အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများဆီသို့ လျှောက်လှမ်းနိုင်မည့် လမ်းစများကိုလည်း ဖန်တီးပေးထားသည်။

စေတနာ့ဝန်ထမ်းများစစ်မှုထမ်းများသည် ၄ နှစ်စာချုပ် ချုပ်ဆိုနိုင်ပြီး၊ အများဆုံး ၈ နှစ်အထိ တစ်ကြိမ် သက်တမ်းတိုးနိုင်သည်။

အဆိုပါ အစီအစဉ်သည် မိမိသဘောဆန္ဒအလျောက် လာရောက်စစ်မှုထမ်းသူများကို ဆွဲဆောင်ခြင်းဖြစ်ပြီး မဖြစ်မနေ စစ်မှုထမ်းရသည့် စနစ်ကို တဖြည်းဖြည်း လျှော့ချရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အစိုးရက ပြောကြားထားသည်။

Ref: Khaosod English

မူရင်းသတင်း — Eleven Media Group