
သီတင်းကျွတ်ကာလတွင် ORTP စနစ်ဖြင့် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူထားသူများအနေဖြင့် သက်ဆိုင်ရာဘူတာရုံများတွင် Paper Ticket များ ထပ်မံလဲလှယ်ထုတ်ယူရန်မလိုဘဲ e-Ticket ဖြင့်သာ ရထားစီးနင်းနိုင်ကြောင်း မြန်မာ့မီးရထား ORTP ဌာန၏ အသိပေးကြေညာချက်အရ သိရသည်။
ကြေညာချက်အရ ခရီးသည်များအနေဖြင့် မိမိတို့၏ လက်ကိုင်ဖုန်းတွင်ရှိသော e-Ticket နှင့် နိုင်ငံသား စိစစ်ရေးကတ် (မူရင်း) တို့ကို ပြသ၍ ရထားစီးနင်းနိုင်ပြီဖြစ်ပြီး ဘူတာရုံများတွင် Paper Ticket လဲလှယ်ရန် တန်းစီစောင့်ဆိုင်းစရာမလိုကြောင်း သိရသည်။
Paper Ticket ဖြင့် လဲလှယ်ထုတ်ယူလိုသူများအနေဖြင့်လည်း သက်ဆိုင်ရာဘူတာရုံများတွင် ယခင်အတိုင်း လဲလှယ်ထုတ်ယူနိုင်ပြီး ဘူတာရုံဝန်ထမ်းများနှင့် လက်မှတ်စစ်များက လိုအပ်သည့်အကူအညီများ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သီလရှင်ဆရာလေးများအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် သီလရှင်မှတ်ပုံတင်နံပါတ် (သာသနာ ဝင်စိစစ်ရေးကတ်ပြားအမှတ်) ကို ဖြည့်သွင်းပါက စနစ်သတ်မှတ်ချက်အရ ရှေ့ဆုံးတွင် သုည (0) တစ်လုံး ထည့်သွင်းပေးရမည်ဖြစ်ပြီး (ဥပမာ) မှတ်ပုံတင်နံပါတ်မှာ ၁၂၃၄၅ ဖြစ်ပါက ၀၁၂၃၄၅ (012345) ဟု ဖြည့်သွင်း၍ ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းများတွင် အထူးရထားခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှ ၂၈ ရက်အထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါအထူးရထားခရီးစဉ်များတွင် နေပြည်တော်-ရန်ကုန်လမ်းပိုင်း၌ အောက်တိုဘာ ၂၄ ရက်တွင် အစုန်အထူးရထားနှင့် ရန်ကုန်-နေပြည် တော်လမ်းပိုင်း၌ အောက်တိုဘာ ၂၇ ရက်တွင် အဆန်အထူးရထားတို့ ပြေးဆွဲမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာမည့် အဆန်အထူးရထားများကို အောက်တိုဘာ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်ပြီး မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အစုန်အထူးရထားများကို အောက်တိုဘာ ၂၄ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။
ရန်ကုန်-ပြည်လမ်းပိုင်းတွင် ရန်ကုန်မှ ပြည်သို့ထွက်ခွာမည့် အဆန်အထူးရထားနှင့် ပြည်မှရန်ကုန်သို့ ထွက်ခွာမည့် အစုန်အထူးရထားများကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။
ထို့ပြင် ခရီးသွားပြည်သူများ၏ လိုအပ်ချက်အရ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်ဖြစ်သည့် အောက်တိုဘာ ၂၇ ရက်တွင် နေပြည်တော်မှ ရန်ကုန်သို့ အစုန်အထူးရထားတစ်စင်းကို ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။