
နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ရေစီးနှင့်အတူ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲသို့ ပုံမှန်တွေ့ရလေ့မရှိသည့် ငါးမျိုးစိတ်များ ရောက်လာခဲ့ပြီး အဆိုပါငါးများကို စားသုံးမိသူအချို့ နေထိုင်မကောင်းသည့်လက္ခဏာများ ပြလာသဖြင့် ထိုငါးများကို အရောင်းအဝယ်မပြုလုပ်ရန်နှင့် မစားရန် အာဏာပိုင်များက သတိပေးချက် ထုတ်ထားသည်။
နီပေါရှိ ထရစ်ရှူလီမြစ်မှရေများသည် ရေဘေးဖြစ်ပွားပြီးနောက် ဘီဟာပြည်နယ်ရှိ အဓိကမြစ်နှစ်ခုဖြစ်သည့် ဂန်ဒက်ခ်နှင့် ကိုစီမြစ်များမှတစ်ဆင့် ဆက်လက်စီးဝင်နေကာ ရေစီးတင်မက အဆောက်အအုံ အပျက်အစီးများ၊ ပုံမှန်မဟုတ်သည့် ငါးများနှင့် လူသေအလောင်းများပင် ပါလာသည်ဟု သိရသည်။
မြစ်ရေမြင့်တက်လာချိန် တံငါသည်များက ပုံမှန်ဖမ်းမိနေကျ ငါးများထက် ပိုမိုကြီးမားပြီး ပုံစံထူးခြားသည့် ငါးများကို ဖမ်းမိလာကြသည်။ ထိုငါးများကို စားသူအချို့ နောက်ပိုင်းတွင် နေမကောင်းဖြစ်ကြသည်ဟု တာဝန်ရှိသူများကပြောသည်။
ထို့ကြောင့် ဘီဟာပြည်နယ်၏ နို့ထွက်ပစ္စည်းနှင့် ငါးလုပ်ငန်းဌာနက ရေဘေးကာလအတွင်း ဖမ်းမိလာသည့် ပုံမှန်မဟုတ်သည့် ငါးများကို စားသုံးခြင်း၊ ဝယ်ခြင်းရောင်းချခြင်း မပြုရန် ပြည်သူများအား သတိပေးထားသည်။
ရေကြီးမှုဖြစ်ပွားချိန် အိုင်များ၊ မြစ်များ၊ ကန်များနှင့် ရေလှောင်ကန်များအတွင်းရှိ ငါးများသည် ၎င်းတို့ပုံမှန်နေထိုင်ရာ နေရာများမှ ရေစီးနှင့်အတူ ပါသွားနိုင်ပြီး ထိုသို့ပါသွားစဉ် မိလ္လာရေဆိုးများ၊ တိရစ္ဆာန်အသေကောင်များ၊ အခြားညစ်ညမ်းအရာများနှင့် ထိတွေ့နိုင်သည်ဟု ဘီဟာငါးလုပ်ငန်းဌာနက ပြောသည်။
ဖမ်းမိလာသည့် ငါးများကို စားပြီးနောက် မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်လက္ခဏာများ ပြလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်သွားကြရန်လည်း အာဏာပိုင်များက တိုက်တွန်းထားသည်။
■ Ref: The Independent
■ Photo: AP / News18